ယောဘဝတ္ထု 27
27
1ထိုအခါ ယောဘသည် မိမိကိုယ်ကို ပုံဆောင်၍ ဆက်လက်ပြောဆို၏။ 2“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ 3ငါ့အထဲ၌ ဇီဝအသက်ရှိနေသေးသရွေ့၊ ငါ့နှာခေါင်းထဲတွင် ဘုရားသခင်ပေးသောလေရှူနေရသေးသရွေ့ 4ငါ့နှုတ်ခမ်းသည် ကောက်ကျစ်သောစကားကို မပြော၊ ငါ့လျှာသည် လိမ်လည်လှည့်စားသောစကားကို မဆိုဘဲ နေမည်။ 5သင်တို့မှန်ပါသည်ဟုဆိုသောစကားသည် ငါနှင့် ဝေးပါစေ။ ငါသေသွားသည့်တိုင်အောင် ဖြောင့်မတ်တည်ကြည်ခြင်းကို ငါစွန့်မည်မဟုတ်။ 6ဖြောင့်မတ်ခြင်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားမည်။ ငါအသက်ရှင်သမျှကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင် နေမည်။ 7ငါ့ရန်သူသည် ဆိုးယုတ်သောသူကဲ့သို့လည်းကောင်း၊ ငါ့ကိုဆန့်ကျင်သောသူသည် လူဆိုးသူခိုးကဲ့သို့လည်းကောင်း ဖြစ်ပါစေ။ 8ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။ 9သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။ 10သူသည် အနန္တတန်ခိုးရှင်ကို နှစ်သက်လိမ့်မည်လော။ ဘုရားသခင်ထံ အစဉ်အော်ဟစ်ဆုတောင်းလိမ့်မည်လော။ 11ဘုရားသခင်ပြုသောအမှုကို သင်တို့အား ငါဖော်ပြမည်။ အနန္တတန်ခိုးရှင်၌ရှိသမျှသောအရာတို့ကို မထိမ်မဝှက်ဖော်ပြမည်။ 12ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။ 13ဆိုးယုတ်သောသူတို့ ဘုရားသခင်ထံမှ ခံရမည့်ဝေစု၊ ကြမ်းကြုတ်သောသူတို့ အနန္တတန်ခိုးရှင်ထံမှ ခံရမည့်အမွေကား ဤသို့ဖြစ်၏။ 14သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။ 15သူ၌ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း ကပ်ဘေးကြောင့် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ ထို့အတွက် မုဆိုးမတို့သည် ငိုကြွေးကြလိမ့်မည်မဟုတ်။ 16သူသည် ငွေကို မြေမှုန့်ကဲ့သို့ ပုံထားနိုင်သော်လည်း၊ အဝတ်အစားကို ရွှံ့ကဲ့သို့ စုပုံထားနိုင်သော်လည်း 17သူ့အဝတ်ပုံကို ဖြောင့်မတ်သူက ဝတ်ဆင်၍ သူ့ငွေကို အပြစ်မဲ့သူတို့က ခွဲဝေယူလိမ့်မည်။ 18သူဆောက်ထားသောအိမ်သည် ပိုးအိမ်နှင့် တူ၏။ ကင်းစောင့်ဆောက်သောတဲနှင့် တူ၏။ 19သူသည် သူဌေးကဲ့သို့ အိပ်ရသော်လည်း ထိုအဖြစ်မျိုး နောက်ထပ်ရှိတော့မည်မဟုတ်။ မျက်စိဖွင့်ကြည့်သောအခါ ဘာမျှရှိတော့မည်မဟုတ်။ 20ရေလွှမ်းမိုးသကဲ့သို့ ထိတ်လန့်ဖွယ်အဖြစ်များသည် သူ့ကို လွှမ်းမိုးလိမ့်မည်။ ညအချိန်တွင် လေပွေသည် သူ့ကို တိုက်သွားလိမ့်မည်။ 21အရှေ့လေသည် သူ့ကိုတိုက်သွားသဖြင့် သူရှိတော့မည်မဟုတ်။ သူ့ကို သူ့နေရာမှ လွင့်ထွက်သွားစေမည်။ 22လေအရှိန်မှလွတ်အောင် အသည်းအသန်ထွက်ပြေးသော်လည်း လေသည် သူ့ကို မညှာမတာတိုက်သွားလိမ့်မည်။ 23လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative