ယောဘဝတ္ထု 26
26
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“ခွန်အားမဲ့သောသူကို သင်မည်သို့ကူညီလိုက်သနည်း။ လက်ရုံးအားမရှိသောသူကို သင်မည်သို့ထောက်မလိုက်သနည်း။ 3ဉာဏ်ပညာမရှိသောသူကို သင်မည်သို့အကြံပေးလိုက်သနည်း။ ကိုယ့်အတတ်ပညာကို ကိုယ်အစွမ်းကုန်ပြသလိုက်ပါပြီတကား။ 4သင်မည်သူ့ကို စကားပြောနေသနည်း။ သင်ပြောသောစကား မည်သူ့ထံမှလာသနည်း။ 5ရေအောက်မှာ ကျင်လည်ကျက်စားနေသော လူသေတို့၏ဝိညာဉ်သည် တုန်လှုပ်နေကြရ၏။ 6ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။ 7မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။ 8ရေကို တိမ်ထုနှင့် ရစ်ပတ်ထားတော်မူသဖြင့် ရေသည် တိမ်ထုကို မထိုးဖောက်နိုင်။ 9ပလ္လင်တော်ကို မိုးတိမ်ဖြင့် ဖြန့်မိုးကာထားတော်မူ၏။ 10အလင်းနှင့်အမှောင်ဆုံရာရေမျက်နှာပြင်တွင် စက်ဝိုင်းနှင့်မှတ်တော်မူ၏။ 11ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။ 12တန်ခိုးတော်ဖြင့် ပင်လယ်ရေကို ငြိမ်သက်စေတော်မူ၏။ ဉာဏ်တော်အားဖြင့် ရာဟပ်ကို ချေမှုန်းတော်မူ၏။ 13ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။ 14ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative