YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 34

34
1တစ်ဖန် ဧလိဟု​က 2“အို ပညာရှိ​တို့​၊ အကျွန်ုပ်​စကား​ကို နားထောင်​ကြ​ပါ​လော့​။ အို အသိတရား​ရှိ​သူ​တို့​၊ အကျွန်ုပ်​ကို စူးစိုက်​နားထောင်​ကြ​ပါ​လော့​။ 3အကြောင်းမူကား နား​သည် စကား​တို့​ကို ဆန်းစစ်​တတ်​သကဲ့သို့ လျှာ​သည် အစားအစာ​ကို အရသာခံ​တတ်​၏​။ 4ကိုယ့်​အဖို့ မှန်ကန်သောအရာ​ကို ရွေးချယ်​ကြ​စို့​။ အကျွန်ုပ်​တို့​ထဲ​တွင် မည်သည့်​အရာ​ကောင်း​သည်​ကို သိမှတ်​ကြ​စို့​။ 5အကြောင်းမှာ ယောဘ​က ‘​ငါ​ဖြောင့်မတ်​သော်လည်း ဘုရားသခင်​သည် ငါ့​အဖို့ တရားမျှတ​စွာ​မ​စီရင်​။ 6ငါ​မှန်ကန်​သော်လည်း ငါ​လိမ်လည်​သည်​ဟု အထင်ခံရ​၏​။ ငါ​အပြစ်​မ​ကျူးလွန်​သော်လည်း ကုသ​၍​မ​ပျောက်​သော​အနာ​ကို ငါ​ခံစား​ရ​၏​’​ဟု ဆို​ပြီ​။ 7ယောဘ​နှင့်​တူ​သော​သူ ရှိ​သလော​။ သူ​သည် ကဲ့ရဲ့လှောင်ပြောင်​ခြင်း​ကို ရေ​ကဲ့သို့​သောက်​တတ်​၏​။ 8သူ​သည် ဒုစရိုက်သမား​တို့​နှင့်​အဖော်ပြု​၍ ခရီးသွား​၏​။ လူဆိုး​တို့​နှင့် သွားလာ​၏​။ 9အကြောင်းမူကား သူ​က ‘ဘုရားသခင်​၏​အလို​တော်​ကို​လိုက်လျှောက်​ခြင်း​သည် ဘာမျှ​အကျိုး​မ​ရှိ​’​ဟု ဆို​၏​။ 10သို့ဖြစ်၍ အသိတရား​ရှိ​သော​သူ​တို့​၊ နားထောင်​ကြ​ပါ​လော့​။ ဆိုးယုတ်​သော​အမှု​သည် ဘုရားသခင်​နှင့် ဝေး​ပါစေ​။ မကောင်းမှု​သည် အနန္တတန်ခိုးရှင်​နှင့် ဝေး​ပါစေ​။ 11အကြောင်းမူကား ကိုယ်တော်​သည် လူ​ကို သူ​၏​လုပ်ဆောင်မှု​အတိုင်း ပြန်ပေးဆပ်​စေ​မည်​။ လူ​ကို သူ​၏​အကျင့်​အတိုင်း ပြန်​ခံရ​စေ​မည်​။ 12အကယ်စင်စစ် ဘုရားသခင်​သည် ဆိုးယုတ်မှု​ကို ပြု​တော်​မ​မူ​။ အနန္တတန်ခိုးရှင်​သည် တရားမျှတမှု​ကို ဖောက်ဖျက်​တော်​မ​မူ​။ 13မည်သူ​သည် ကမ္ဘာမြေကြီး​ကို ကိုယ်တော့်​လက်​သို့ အပ်​သနည်း​။ မည်သူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ကိုယ်တော့်​အား တာဝန်ယူ​စေ​သနည်း​။ 14ကိုယ်တော်​သည် ဝိညာဉ်​နှင့် ဇီဝအသက်​ကို မိမိ​ထံ ပြန်​ရုပ်သိမ်း​မည်​ဟု စိတ်ပိုင်းဖြတ်​တော်မူ​လျှင် 15လူသား​အားလုံး တစ်ပြိုင်တည်း​သေ​သွား​ရ​လိမ့်မည်​။ လူ​သည် မြေမှုန့်​ဘဝ​သို့ ပြန်သွား​ရ​လိမ့်မည်​။ 16သင်​တို့​၌ အသိဉာဏ်​ရှိ​လျှင် နားထောင်​ကြ​ပါ​လော့​။ အကျွန်ုပ်​ပြော​သော​စကား​ကို စူးစိုက်​နားထောင်​ကြ​ပါ​လော့​။ 17တရားမျှတမှု​ကို​မုန်း​သော​သူ​က အုပ်ချုပ်​ရ​မည်လော​။ ဖြောင့်မတ်​သော​အရှင်​၊ တန်ခိုးကြီး​သော​အရှင်​ကို သင်​ပြစ်တင်ရှုတ်ချ​မည်လော​။ 18ရှင်ဘုရင်​အား ‘ဆိုးညစ်​သော​သူ’​၊ လူဆိုး​အား ‘မြင့်မြတ်​သော​သူ’​ဟု ခေါ်ဆို​သင့်​သလော​။ 19ကိုယ်တော်​သည် အကြီးအကဲ​တို့​ကို မျက်နှာလိုက်​သည်​မ​ဟုတ်​။ သူဌေး​ကို ဆင်းရဲသား​ထက် ပို၍​အသိအမှတ်ပြု​သည်​မ​ဟုတ်​။ အကြောင်းမူကား လူ​အားလုံး​သည် ဖန်ဆင်းခံလက်ရာ​တော်​များ ဖြစ်​ကြ​၏​။ 20သူ​တို့​သည် တစ်ခဏချင်း​တွင် သေသွား​နိုင်​၏​။ ညသန်းခေါင်​ချိန်​တွင်ပင် လူ​တို့​သည် တုန်လှုပ်ချောက်ချား​၍ သေဆုံး​သွား​တတ်​ကြ​၏​။ အားကြီး​သူ​တို့​ပင် လူ့​လက်​ဖြင့်​မ​ဟုတ် မိမိ​အလိုလို​ပျောက်ကွယ်​သွား​ရ​တတ်​၏​။ 21အကြောင်းမူကား ကိုယ်တော်​သည် လူ​သွား​သော​လမ်း​တို့​ကို စောင့်ကြည့်​၍ သူ့​ခြေလှမ်း​တိုင်း​ကို မြင်​တော်မူ​၏​။ 22မကောင်းမှု​ပြု​သူ​တို့​အတွက် ပုန်းရှောင်စရာ​အမှောင်ထု​၊ အမှောင်ကမ္ဘာ​ဟူ၍​မ​ရှိ​။ 23အကယ်စင်စစ် လူ​သည် ဘုရားသခင်​ရှေ့​တော်​သို့​လာ​၍ စီရင်​ခြင်း​ကို​ခံ​မည်​။ ထို့အတွက် ကိုယ်တော်​သည် ပြန်၍​သုံးသပ်​မည်​မ​ဟုတ်​။ 24တန်ခိုးအာဏာကြီး​သူ​တို့​ကို​ပင် စစ်ဆေးစရာ​မ​လို​ဘဲ ဖယ်ရှား​ပြီး သူ​တို့​နေရာ​တွင် အခြား​သူ​တို့​အား ခန့်ထား​တော်မူ​၏​။ 25သူ​တို့​ပြု​သော​အမှု​ကို သိ​တော်မူ​သည်​ဖြစ်၍ ညအချိန်​တွင် သူ​တို့​ကို ဖျက်ဆီး​လိုက်​သောအခါ သူ​တို့​ပျက်စီး​သွား​ရ​လေ​၏​။ 26သူ​တို့​ဆိုးယုတ်​သောကြောင့် လူ​မြင်ကွင်း​တွင်ပင် သူ​တို့​ကို ဆုံးမ​တော်မူ​၏​။ 27အကြောင်းမှာ သူ​တို့​သည် ကိုယ်တော့်​နောက်​လိုက်​ရာ​မှ ပြန်လှည့်​သွား​ကြ​၏​။ နည်းလမ်း​တော်​များ​ကို အလေး​မ​ထား​ကြ​။ 28ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။ 29ကိုယ်တော်​နှုတ်ဆိတ်​နေ​လျှင် မည်သူ​အပြစ်တင်​ဝံ့​မည်နည်း​။ ကိုယ်တော်​မျက်နှာလွှဲ​တော်မူ​လျှင် လူမျိုး​တစ်​မျိုး​ဖြစ်စေ​၊ လူ​တစ်ဦးချင်း​ဖြစ်စေ မည်သူ​မြင်​နိုင်​မည်နည်း​။ 30သို့ဖြစ်၍ ဘုရားတရားမဲ့​သော​သူ​သည် အုပ်စိုးခွင့်​ရှိ​တော့​မည်​မ​ဟုတ်​၊ လူ​တို့​ကို​လည်း ထောင်ချောက်ဆင်​နိုင်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။ 31လူ​က ဘုရားသခင်​အား ‘​အကျွန်ုပ်​အပြစ်ပေး​ခံရ​ပါ​၏​။ အကျွန်ုပ်​မ​ဆိုးညစ်​တော့​ပါ​။ 32အကျွန်ုပ်​မ​မြင်​သော​အရာ​ကို သွန်သင်ပြသ​ပါ​။ အမှား​လုပ်​မိ​လျှင်လည်း နောက်​မ​လုပ်​တော့​ပါ​’​ဟု ဆို​ပါ​လိမ့်မည်​လော​။ 33သင်​လက်မခံ​ဘဲ​နှင့် ကိုယ်တော်​က သင့်​ကို​ဆုချ​ပေး​မည်​ဟု သင်​ထင်​သလော​။ ရွေးချယ်​ရ​မည့်​သူ​မှာ အကျွန်ုပ်​မ​ဟုတ်​ပါ​၊ သင်​ဖြစ်​၏​။ ထို့ကြောင့် သင်​သိ​သော​အရာ​ကို ပြော​ပါ​လော့​။ 34အသိတရား​ရှိ​သော​သူ​တို့​သည် အကျွန်ုပ်​ကို ပြော​ပါစေ​။ ပညာရှိ​သော​သူ​သည် အကျွန်ုပ်​စကား​ကို နားထောင်​၍ 35‘​ယောဘ​တစ်​ယောက် အသိတရား​မ​ရှိ​ဘဲ ပြော​လေ​ပြီ​။ ပညာသတိ​မ​ရှိ​သော​စကား​တို့​ကို ပြော​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။ 36ယောဘ​သည် အပြစ်ဒုစရိုက်သား​ကဲ့သို့ တုံ့ပြန်ပြောဆို​သည်​ဖြစ်၍ အဆုံးထိ​စစ်ဆေး​ခြင်း​ခံရ​တော့​မည်​။ 37သူ​သည် အပြစ်​အပေါ် ထပ်ဆင့်​အပြစ်ကျူးလွန်​ပြီ​။ ငါ​တို့​ကို လက်ခုပ်တီး​ပြောင်လှောင်​လေ​ပြီ​။ ဘုရားသခင်​ကို ဆန့်ကျင်​သော​စကား များစွာ​ပြောဆို​လေ​ပြီ​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 34: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ