ယောဘဝတ္ထု 34
34
1တစ်ဖန် ဧလိဟုက 2“အို ပညာရှိတို့၊ အကျွန်ုပ်စကားကို နားထောင်ကြပါလော့။ အို အသိတရားရှိသူတို့၊ အကျွန်ုပ်ကို စူးစိုက်နားထောင်ကြပါလော့။ 3အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။ 4ကိုယ့်အဖို့ မှန်ကန်သောအရာကို ရွေးချယ်ကြစို့။ အကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကောင်းသည်ကို သိမှတ်ကြစို့။ 5အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။ 6ငါမှန်ကန်သော်လည်း ငါလိမ်လည်သည်ဟု အထင်ခံရ၏။ ငါအပြစ်မကျူးလွန်သော်လည်း ကုသ၍မပျောက်သောအနာကို ငါခံစားရ၏’ဟု ဆိုပြီ။ 7ယောဘနှင့်တူသောသူ ရှိသလော။ သူသည် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ရေကဲ့သို့သောက်တတ်၏။ 8သူသည် ဒုစရိုက်သမားတို့နှင့်အဖော်ပြု၍ ခရီးသွား၏။ လူဆိုးတို့နှင့် သွားလာ၏။ 9အကြောင်းမူကား သူက ‘ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ခြင်းသည် ဘာမျှအကျိုးမရှိ’ဟု ဆို၏။ 10သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။ 11အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။ 12အကယ်စင်စစ် ဘုရားသခင်သည် ဆိုးယုတ်မှုကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် တရားမျှတမှုကို ဖောက်ဖျက်တော်မမူ။ 13မည်သူသည် ကမ္ဘာမြေကြီးကို ကိုယ်တော့်လက်သို့ အပ်သနည်း။ မည်သူသည် ကမ္ဘာလောကတစ်ခုလုံးကို ကိုယ်တော့်အား တာဝန်ယူစေသနည်း။ 14ကိုယ်တော်သည် ဝိညာဉ်နှင့် ဇီဝအသက်ကို မိမိထံ ပြန်ရုပ်သိမ်းမည်ဟု စိတ်ပိုင်းဖြတ်တော်မူလျှင် 15လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။ 16သင်တို့၌ အသိဉာဏ်ရှိလျှင် နားထောင်ကြပါလော့။ အကျွန်ုပ်ပြောသောစကားကို စူးစိုက်နားထောင်ကြပါလော့။ 17တရားမျှတမှုကိုမုန်းသောသူက အုပ်ချုပ်ရမည်လော။ ဖြောင့်မတ်သောအရှင်၊ တန်ခိုးကြီးသောအရှင်ကို သင်ပြစ်တင်ရှုတ်ချမည်လော။ 18ရှင်ဘုရင်အား ‘ဆိုးညစ်သောသူ’၊ လူဆိုးအား ‘မြင့်မြတ်သောသူ’ဟု ခေါ်ဆိုသင့်သလော။ 19ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။ 20သူတို့သည် တစ်ခဏချင်းတွင် သေသွားနိုင်၏။ ညသန်းခေါင်ချိန်တွင်ပင် လူတို့သည် တုန်လှုပ်ချောက်ချား၍ သေဆုံးသွားတတ်ကြ၏။ အားကြီးသူတို့ပင် လူ့လက်ဖြင့်မဟုတ် မိမိအလိုလိုပျောက်ကွယ်သွားရတတ်၏။ 21အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။ 22မကောင်းမှုပြုသူတို့အတွက် ပုန်းရှောင်စရာအမှောင်ထု၊ အမှောင်ကမ္ဘာဟူ၍မရှိ။ 23အကယ်စင်စစ် လူသည် ဘုရားသခင်ရှေ့တော်သို့လာ၍ စီရင်ခြင်းကိုခံမည်။ ထို့အတွက် ကိုယ်တော်သည် ပြန်၍သုံးသပ်မည်မဟုတ်။ 24တန်ခိုးအာဏာကြီးသူတို့ကိုပင် စစ်ဆေးစရာမလိုဘဲ ဖယ်ရှားပြီး သူတို့နေရာတွင် အခြားသူတို့အား ခန့်ထားတော်မူ၏။ 25သူတို့ပြုသောအမှုကို သိတော်မူသည်ဖြစ်၍ ညအချိန်တွင် သူတို့ကို ဖျက်ဆီးလိုက်သောအခါ သူတို့ပျက်စီးသွားရလေ၏။ 26သူတို့ဆိုးယုတ်သောကြောင့် လူမြင်ကွင်းတွင်ပင် သူတို့ကို ဆုံးမတော်မူ၏။ 27အကြောင်းမှာ သူတို့သည် ကိုယ်တော့်နောက်လိုက်ရာမှ ပြန်လှည့်သွားကြ၏။ နည်းလမ်းတော်များကို အလေးမထားကြ။ 28ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။ 29ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။ 30သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။ 31လူက ဘုရားသခင်အား ‘အကျွန်ုပ်အပြစ်ပေးခံရပါ၏။ အကျွန်ုပ်မဆိုးညစ်တော့ပါ။ 32အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။ 33သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။ 34အသိတရားရှိသောသူတို့သည် အကျွန်ုပ်ကို ပြောပါစေ။ ပညာရှိသောသူသည် အကျွန်ုပ်စကားကို နားထောင်၍ 35‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။ 36ယောဘသည် အပြစ်ဒုစရိုက်သားကဲ့သို့ တုံ့ပြန်ပြောဆိုသည်ဖြစ်၍ အဆုံးထိစစ်ဆေးခြင်းခံရတော့မည်။ 37သူသည် အပြစ်အပေါ် ထပ်ဆင့်အပြစ်ကျူးလွန်ပြီ။ ငါတို့ကို လက်ခုပ်တီးပြောင်လှောင်လေပြီ။ ဘုရားသခင်ကို ဆန့်ကျင်သောစကား များစွာပြောဆိုလေပြီ”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 34: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative