YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 36

36
1ဧလိဟု​ကပင် ဆက်၍ 2“အကျွန်ုပ်​ကို အနည်းငယ်​သည်းခံ​ပါ​လော့​။ ဘုရားသခင်​ကိုယ်စား ပြောစရာ​စကား​ကျန်သေး​သဖြင့် အကျွန်ုပ်​ပြော​လို​ပါ​၏​။ 3အစ​ကတည်းက အကျွန်ုပ်​ရရှိ​ထား​သော​အသိပညာ​အရ အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း အကျွန်ုပ်​ဖော်ပြ​ပါ​မည်​။ 4အကယ်စင်စစ် အကျွန်ုပ်​သည် မုသား​စကား​ကို မ​ပြော​။ အသိပညာ​နှင့်​ပြည့်စုံ​သော​သူ​သည် သင်​နှင့်အတူ​ရှိ​၏​။ 5ဘုရားသခင်​သည် တန်ခိုးကြီး​တော်မူ​သော်လည်း မည်သူ့​ကို​မျှ မထီမဲ့မြင်ပြု​တော်​မ​မူ​။ စိတ်ဓာတ်​ခွန်အား​လည်း ကြီးမား​တော်မူ​၏​။ 6ဆိုးယုတ်​သော​သူ​တို့​ကို ရှင်သန်ခွင့်​ပေး​တော်​မ​မူ​။ အဖိနှိပ်​ခံရ​သော​သူ​တို့​ကို​မူကား တရားမျှတ​စွာ စီရင်​ပေး​တော်မူ​၏​။ 7ဖြောင့်မတ်​သော​သူ​တို့​ကို မျက်နှာလွှဲ​တော်​မ​မူ​။ သူ​တို့​ကို ရှင်ဘုရင်​တို့​နှင့်အတူ ပလ္လင်​ပေါ်တွင် အစဉ်​စံမြန်း​စေ​၍ ချီးမြှောက်​တော်မူ​၏​။ 8သို့သော် သူ​တို့​သည် သံကြိုး​နှင့်​တုပ်နှောင်​ခံရ​၍ ဒုက္ခ​ကြိုး​များ​နှင့် ချည်နှောင်​ခံရ​လျှင်​လည်း 9မာန်မာနထောင်လွှား​၍ သူ​တို့​ပြု​မိ​သော​အမှု​နှင့် ကျူးလွန်​မိ​သော​အပြစ်​များ​ကို သူ​တို့​အား ဖော်ပြ​ပေး​တော်မူ​၏​။ 10ဆုံးမပဲ့ပြင်​ခြင်း​ကို နာခံ​စေ​တော်မူ​၏​။ မကောင်းမှု​ကို စွန့်လွှတ်​ရန် သွန်သင်​တော်မူ​၏​။ 11သူ​တို့​သည် နာခံ​၍ အမှု​တော်​ကို​ဆောင်ရွက်​လျှင် ကောင်းစား​သော​နေ့ရက်​များ​၊ နှစ်လိုဖွယ်​သော​နှစ်ကာလ​များ​ကို ဖြတ်သန်း​သွား​ရ​လိမ့်မည်​။ 12မ​နာခံ​လျှင် သူ​တို့​သည် ဓားဘေး​ဖြင့် ပျက်စီးဆုံးရှုံး​၍ အသိပညာ​မဲ့​လျက် သေသွား​ရ​လိမ့်မည်​။ 13ဘုရားတရားမဲ့​သူ​တို့​မူကား အမျက်ထွက်​၍ စိတ်​တွင်​အငြိုးထား​တတ်​ကြ​၏​။ ကိုယ်တော်​ချုပ်နှောင်​တော်မူ​လျှင်ပင် အကူအညီ​အော်ဟစ်​တောင်းခံ​ခြင်း​ကို မ​ပြု​ကြ​။ 14အသက်​ငယ်ရွယ်​စဉ်​မှာပင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​အလယ်​တွင် အသက်​သေဆုံး​သွား​ရ​တတ်​၏​။ 15သို့သော် ကိုယ်တော်​သည် ဆင်းရဲဒုက္ခ​ရောက်​သူ​တို့​ကို ထို​ဆင်းရဲဒုက္ခ​ထဲမှ ကယ်နုတ်​တော်မူ​၏​။ အဖိနှိပ်ခံ​စေ​ခြင်း​ဖြင့် နာခံ​ခြင်း​ကို​ပေး​တော်မူ​၏​။ 16သင့်​ကို​လည်း ဆင်းရဲတွင်း​ထဲမှ အတိုင်းမသိ​ကျယ်ဝန်း​ရာ​သို့ ဆောင်ယူ​တော်မူ​၏​။ သင့်​အဖို့ စားပွဲ​ပေါ်တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ကို တည်ခင်း​ပေး​ထား​တော်မူ​၏​။ 17သို့သော် သင်​သည် လူဆိုး​တို့​ခံရ​မည့်​စီရင်​ခြင်း​မျိုး​ကို အယုတ်အလျော့​မ​ရှိ​ခံရ​၍ မှန်ကန်​သော​တရားစီရင်ခြင်း​သည်​လည်း သင့်​ကို ဖမ်းကိုင်​လိမ့်မည်​။ 18အမျက်​တော်​ကြောင့် သင်​သည် အပြစ်ဒဏ်​မ​ခံရ​စေရန် သတိပြု​လော့​။ များစွာ​သော​တံစိုးလက်ဆောင်​ကြောင့် သင်​လမ်း​မ​လွဲ​နှင့်​။ 19သင်​၏​ချမ်းသာကြွယ်ဝ​ခြင်း​သည် သင့်​ကို ဆင်းရဲဒုက္ခ​နှင့် ကင်းဝေး​စေ​နိုင်​မည်လော​။ သင်​၏​စွမ်းအား​ရှိသမျှ​တို့​သည်​လည်း ထိုသို့​ပြု​ပေး​နိုင်​မည်လော​။ 20လူ​တို့​အား သူ​တို့​ရှိ​ရာ​နေရာ​မှ​နုတ်ယူ​သွား​တတ်​သော​ညအချိန်​မျိုး​ကို မ​တောင့်တ​ပါ​နှင့်​။ 21မကောင်းမှု​ဘက်​သို့​မ​လှည့်​မိ​စေရန် သတိပြု​ပါ​လော့​။ အကြောင်းမူကား ဖိစီးမှု​ကို​ခံ​သည်​ထက် မကောင်းမှု​ကို​ပြု​ရန် သင်​ဆန္ဒရှိ​လေ​ပြီ​။ 22ကြည့်ရှု​လော့​။ ဘုရားသခင်​သည် တန်ခိုး​တော်​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​၏​။ ထိုသို့ ကိုယ်တော်​နှင့်​တူ​သော​ဆရာ မည်သူ​ရှိ​သနည်း​။ 23ကိုယ်တော်​၏​နည်းလမ်း​တော်​ကို မည်သူ​သွန်သင်ပြ​နိုင်​သနည်း​။ ‘ကိုယ်တော်​မှား​သည်’​ဟု မည်သူ​ပြော​နိုင်​သနည်း​။ 24ကိုယ်တော်​ပြု​သော​အမှု​တော်​အကြောင်း​ကို လူ​တို့​သီဆိုချီးမွမ်း​ကြ​၏​။ သင်​လည်း သီဆို​ချီးမွမ်း​ဖို့ သတိရ​ပါ​။ 25ထို​အမှု​တော်​ကို လူ​အပေါင်း​တို့ မြင်​ကြ​၏​။ လူ​သည် အဝေး​ကသာ ကြည့်​ခွင့်​ရ​၏​။ 26ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​ကို ငါ​တို့​မ​သိ​နိုင်​၊ စူးစမ်း​၍​လည်း မ​ရ​နိုင်​။ 27အကြောင်းမှာ ကိုယ်တော်​သည် ရေစက်ရေပေါက်​တို့​ကို အငွေ့ပြန်​စေ​၍ မိုးရေ​အဖြစ် ငွေ့ရည်​ဖွဲ့​စေ​၏​။ 28ထို့နောက် မိုးတိမ်​များ​မှ မိုးရွာသွန်း​စေ​၏​။ လူ​တို့​အဖို့ မိုး​များစွာ​ရွာသွန်း​စေ​၏​။ 29ထိုမျှမက တိမ်​များ ပြန့်​နေ​ခြင်း​၊ တဲ​တော်​မှ​မိုးခြိမ်းသံ​ထွက်​ခြင်း​တို့​ကို နားလည်​နိုင်​သလော​။ 30ကြည့်ရှု​လော့​။ ကိုယ်တော်​သည် ရောင်ခြည်​တော်​ကို ဝန်းကျင်​တစ်ခွင်လုံး ဖြာထွက်​စေ​၏​။ ပင်လယ်​အောက်ခြေ​ကို ဖုံးအုပ်​ထား​တော်မူ​၏​။ 31ဤသို့ဖြင့် လူ​တို့​ကို တရားသဖြင့်စီရင်​တော်မူ​၏​။ အစားအစာ​များ​ကို​လည်း အလျှံအပယ်​ပေး​တော်မူ​၏​။ 32လျှပ်စီး​ကို လက်​တော်​ထဲတွင်​ဆုပ်ကိုင်​ထား​တော်မူ​၍ အမိန့်ပေး​စေလွှတ်​လိုက်​လျှင် ပစ်မှတ်​ကို ထိမှန်​လေ​၏​။ 33မိုးခြိမ်းသံ​သည် ကိုယ်တော်​ရှိ​တော်မူ​ကြောင်း​ကို ကြေညာ​လိုက်​သည်​နှင့် မည်သို့​ဖြစ်လာ​မည်​ကို တိရစ္ဆာန်​များ​ပင် သိရှိ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 36: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ