ယောရှုမှတ်စာ 13
13
မသိမ်းယူရသေးသောပြည်များ
1ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။ 2ကျန်ရှိနေသောမြေများမှာ ဖိလိတ္တိနယ်မြေတစ်ခုလုံး၊ ဂေရှုရိနယ်မြေတစ်ခုလုံး၊ 3ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင် 4တောင်ဘက်ခါနာန်ပြည်တစ်ခုလုံး၊ ဆီဒုန်လူမျိုးတို့ပိုင်သောမာရပြည်မှ အာမောရိပြည်နယ်နိမိတ်အာဖက်ပြည်အထိ၊ 5ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။ 6လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။ 7ဤပြည်ကို အစ္စရေးအမျိုးအနွယ်ကိုးနွယ်နှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့ကို အမွေခွဲဝေပေးရမည်”ဟု မိန့်တော်မူ၏။
ဂျော်ဒန်မြစ်အရှေ့ဘက် အမွေမြေ
8ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း 9သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ 10ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီးပိုင်သောမြို့အားလုံးနှင့်တကွ အမ္မုန်အမျိုးသားတို့၏နယ်နိမိတ်အထိ၊ 11ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ 12အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။ 13သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။
14မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
ရုဗင်အမျိုးအနွယ်ရသောအမွေမြေ
15မောရှေသည် ရုဗင်အမျိုးအနွယ်ကို မျိုးနွယ်စုအလိုက် အမွေမြေခွဲဝေပေး၏။ 16သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊ 17ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊ 18ယာဟတ်မြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊ 19ကိရယသိမ်မြို့၊ စိဗမာမြို့၊ ကုန်းမြင့်လွင်ပြင်ရှိ ဇာရက်ရှာဟာမြို့၊ 20ဗက်ပေဂုရမြို့၊ ပိသဂါတောင်စောင်းတစ်လျှောက်၊ ဗက်ယေရှိမုတ်မြို့အပါအဝင် 21လွင်ပြင်ရှိ မြို့အားလုံး၊ ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံးဖြစ်၏။ မောရှေသည် ရှိဟုန်ဘုရင်နှင့်တကွ ရှိဟုန်ဘုရင်မင်းမြှောက်ထား၍ ထိုပြည်တွင်နေထိုင်ကြသောမိဒျန်ခေါင်းဆောင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘ တို့ကို ကွပ်မျက်ခဲ့၏။ 22အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။ 23ဂျော်ဒန်မြစ်ကမ်းရိုးတန်းတစ်လျှောက်သည် ရုဗင်အမျိုးအနွယ်တို့ ရရှိသောအမွေမြေဖြစ်၏။ ဤသည်ကား ရုဗင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် အမွေမြေအဖြစ်ရရှိသော မြို့ရွာများဖြစ်သတည်း။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေ
24မောရှေသည် ဂဒ်အမျိုးအနွယ်ကို မျိုးနွယ်စုအလိုက် အမွေမြေခွဲဝေပေး၏။ 25သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊ 26ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့#13:26 သို့မဟုတ် “လောဒေဗာမြို့”။နယ်နိမိတ်အထိ၊ 27ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။ 28ဤသည်ကား ဂဒ်အမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် အမွေမြေအဖြစ်ရရှိသောမြို့ရွာများဖြစ်သတည်း။
ဂျော်ဒန်မြစ်အရှေ့ဘက် မနာရှေအမျိုးအနွယ်တို့ရသောအမွေမြေ
29မောရှေသည် မနာရှေအမျိုးအနွယ်တစ်ဝက်အား အမွေမြေခွဲဝေပေး၏။ မျိုးနွယ်စုအလိုက် မနာရှေအမျိုးအနွယ်တစ်ဝက်ရရှိသောနယ်မြေကား 30ဗာရှန်ပြည်ရှိ ယာဣရမြို့ငယ်ပေါင်း ခြောက်ဆယ်အပါအဝင် ဗာရှန်ဘုရင်ဩဃမင်းကြီးအုပ်စိုးသော မဟာနိမ်မြို့မှ ဗာရှန်ပြည်တစ်ပြည်လုံး၊ 31ဂိလဒ်ပြည်တစ်ဝက်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏မင်းနေပြည်တော်မြို့များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် မနာရှေ၏သား မာခိရ၏သားမြေးတစ်ဝက်တို့ရသောအမွေမြေဖြစ်၏။
32ဤရွေ့ကား ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် မောဘလွင်ပြင်တွင် မောရှေခွဲဝေပေးခဲ့သောအမွေမြေများဖြစ်၏။ 33မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative