YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 13

13
မသိမ်းယူရသေးသောပြည်များ
1ယောရှု အသက်ကြီး​၍ အိုမင်း​လာ​သောအခါ ထာဝရဘုရား​က သူ့​အား “​သင် အသက်ကြီး​၍ အိုမင်း​လာ​ပြီ​။ သို့သော် သိမ်းပိုက်​ရ​မည့်​ပြည် အများအပြား​ကျန်သေး​၏​။ 2ကျန်ရှိ​နေ​သော​မြေ​များ​မှာ ဖိလိတ္တိ​နယ်မြေ​တစ်ခုလုံး​၊ ဂေရှုရိ​နယ်မြေ​တစ်ခုလုံး​၊ 3ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင် 4တောင်ဘက်​ခါနာန်​ပြည်​တစ်ခုလုံး​၊ ဆီဒုန်​လူမျိုး​တို့​ပိုင်​သော​မာရ​ပြည်​မှ အာမောရိ​ပြည်​နယ်နိမိတ်​အာဖက်​ပြည်​အထိ​၊ 5ဂေဗလ​ပြည်​၊ လက်ဘနွန်​ပြည်​အရှေ့ဘက်​တစ်ခုလုံး​၊ ဟေရမုန်​တောင်​ခြေ​ရှိ ဗာလဂဒ်​ပြည်​မှ လီဘိုဟာမတ်​ပြည်​အထိ​ဖြစ်​၏​။ 6လက်ဘနွန်​ပြည်​မှစ၍ မိသရဖောသမိမ်​ပြည်​တိုင်အောင် တောင်ပေါ်ဒေသ​တွင်​နေထိုင်​သော​ဆီဒုန်​လူမျိုး​အပေါင်း​တို့​ကို အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။ ငါ​မိန့်မှာ​သည့်​အတိုင်း ဤ​ပြည်​ကို အစ္စရေး​လူမျိုး​တို့​အား အမွေမြေ​အဖြစ် သင်​ခွဲဝေ​ပေး​ရ​မည်​။ 7ဤ​ပြည်​ကို အစ္စရေး​အမျိုးအနွယ်​ကိုး​နွယ်​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​ကို အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
ဂျော်ဒန်မြစ်အရှေ့ဘက် အမွေမြေ
8ကျန်​မနာရှေ​အမျိုး​တစ်ဝက်​နှင့် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​တို့​မူကား ဂျော်ဒန်​မြစ်​အရှေ့ဘက်​တွင် မောရှေ​ခွဲပေး​သော အမွေမြေ​ကို ရ​ပြီး​ဖြစ်​၏​။ ထာဝရဘုရား​၏​ကျွန်​မောရှေ​ခွဲပေး​ခဲ့​သည့်​အတိုင်း 9သူ​တို့​ရရှိ​သော​အမွေမြေ​ကား အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​မှစ၍ ချောင်း​အလယ်​ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်လျှောက် ဒိဘုန်​မြို့​အထိ 10ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ပိုင်​သော​မြို့​အားလုံး​နှင့်တကွ အမ္မုန်​အမျိုးသား​တို့​၏​နယ်နိမိတ်​အထိ​၊ 11ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ 12အာရှတရုတ်​မြို့​နှင့် ဧဒြိ​မြို့​၌ စိုးစံ​သော ရေဖိမ်​လူမျိုး​အကြွင်းအကျန်​တစ်​ဦး​ဖြစ်​သည့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး ဖြစ်​၏​။ မောရှေ​သည် ထို​ဘုရင်​တို့​ကို ကွပ်မျက်​၍ သူ​တို့​၏​ပြည်​ကို သိမ်းပိုက်​ခဲ့​၏​။ 13သို့သော် အစ္စရေး​အမျိုးသား​တို့​သည် ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ယနေ့​တိုင်အောင် ဂေရှုရ​ပြည်သား​၊ မာခါ​ပြည်သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လျက်​ရှိ​ကြ​၏​။
14မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ပေး​။ သူ​တို့​အား​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။
ရုဗင်အမျိုးအနွယ်ရသောအမွေမြေ
15မောရှေ​သည် ရုဗင်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။ 16သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊ 17ဟေရှဘုန်​မြို့​နှင့်တကွ လွင်ပြင်​ရှိ ဒိဘုန်​မြို့​၊ ဗာမုတ်ဗာလ​မြို့​၊ ဗက်ဗာလမုန်​မြို့​၊ 18ယာဟတ်​မြို့​၊ ကေဒမုတ်​မြို့​၊ မေဖတ်​မြို့​၊ 19ကိရယသိမ်​မြို့​၊ စိဗမာ​မြို့​၊ ကုန်းမြင့်​လွင်ပြင်​ရှိ ဇာရက်ရှာဟာ​မြို့​၊ 20ဗက်ပေဂုရ​မြို့​၊ ပိသဂါ​တောင်စောင်း​တစ်လျှောက်​၊ ဗက်ယေရှိမုတ်​မြို့​အပါအဝင် 21လွင်ပြင်​ရှိ မြို့​အားလုံး​၊ ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး​ဖြစ်​၏​။ မောရှေ​သည် ရှိဟုန်​ဘုရင်​နှင့်တကွ ရှိဟုန်​ဘုရင်​မင်းမြှောက်​ထား​၍ ထို​ပြည်​တွင်​နေထိုင်​ကြ​သော​မိဒျန်​ခေါင်းဆောင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ တို့​ကို ကွပ်မျက်​ခဲ့​၏​။ 22အစ္စရေး​အမျိုးသား​တို့ ဓား​ဖြင့်​ကွပ်မျက်​ခဲ့​သော​သူ​တို့​တွင် ဗောရ​၏​သား ဂမ္ဘီရအတတ်​ပညာရှင်​ဗာလမ်​လည်း ပါ​၏​။ 23ဂျော်ဒန်​မြစ်​ကမ်းရိုးတန်း​တစ်လျှောက်​သည် ရုဗင်​အမျိုးအနွယ်​တို့ ရရှိ​သော​အမွေမြေ​ဖြစ်​၏​။ ဤသည်ကား ရုဗင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော မြို့​ရွာ​များ​ဖြစ်​သတည်း​။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေ
24မောရှေ​သည် ဂဒ်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။ 25သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ ယာဇာ​မြို့​၊ ဂိလဒ်​ပြည်​ရှိ​မြို့​အားလုံး​၊ ရဗ္ဗာ​မြို့​အရှေ့ဘက်​ရှိ အာရော်​မြို့​အထိ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​တစ်ဝက်​၊ 26ဟေရှဘုန်​မြို့​မှ ရာမတ်​မိဇပါ​မြို့​၊ ဗေတောနိမ်​မြို့​အထိ​၊ မဟာနိမ်​မြို့​မှ ဒေဗိရ​မြို့#13:26 သို့မဟုတ် “လောဒေဗာမြို့”။​နယ်နိမိတ်​အထိ​၊ 27ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။ 28ဤသည်ကား ဂဒ်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော​မြို့​ရွာ​များ​ဖြစ်​သတည်း​။
ဂျော်ဒန်မြစ်အရှေ့ဘက် မနာရှေအမျိုးအနွယ်တို့ရသောအမွေမြေ
29မောရှေ​သည် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား အမွေမြေ​ခွဲဝေ​ပေး​၏​။ မျိုးနွယ်စု​အလိုက် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​ရှိ​သော​နယ်မြေ​ကား 30ဗာရှန်​ပြည်​ရှိ ယာဣရ​မြို့ငယ်​ပေါင်း ခြောက်ဆယ်​အပါအဝင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​အုပ်စိုး​သော မဟာနိမ်​မြို့​မှ ဗာရှန်​ပြည်​တစ်ပြည်လုံး​၊ 31ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။
32ဤရွေ့ကား ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် မောဘ​လွင်ပြင်​တွင် မောရှေ​ခွဲဝေ​ပေး​ခဲ့​သော​အမွေမြေ​များ​ဖြစ်​၏​။ 33မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ခွဲပေး​။ သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားရှင်​ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ