ယောရှုမှတ်စာ 17
17
ဂျော်ဒန်မြစ်အနောက်ဘက် မနာရှေအမျိုးအနွယ်တို့ရသောအမွေမြေ
1ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။ 2ကျန်ရှိသော မနာရှေ၏သားမြေးများဖြစ်သည့် အဗျေဇာအမျိုး၊ ဟေလက်အမျိုး၊ အသရေလအမျိုး၊ ရှေခင်အမျိုး၊ ဟေဖာအမျိုး၊ ရှမိဒအမျိုး တို့သည် မျိုးနွယ်စုအလိုက် အမွေမြေရကြ၏။ ဤသူတို့သည် ယောသပ်သား မနာရှေမှဆင်းသက်လာသော မျိုးနွယ်စုအလိုက် သားယောက်ျားများ ဖြစ်၏။
3မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား ဇလောဖဒ်၌ သားမရှိ၊ သမီးချည်းသာရှိ၏။ ထိုသမီးများ၏အမည်ကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဟူ၍ဖြစ်၏။ 4ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။ 5မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။ 6အကြောင်းမူကား မနာရှေအမျိုးအနွယ်၏သမီးတို့သည် သားတို့နှင့်အတူ အမွေရရှိသောကြောင့်ဖြစ်၏။ ကျန်ရှိသောမနာရှေအမျိုးသားတို့သည် ဂိလဒ်ပြည်ကိုအမွေရကြ၏။ 7မနာရှေ၏နယ်နိမိတ်မှာ အာရှာမြို့မှ ရှေခင်မြို့အရှေ့ဘက်ရှိ မိတ်မေသမြို့အထိ ဖြစ်၏။ ထိုနယ်နိမိတ်သည် တောင်ဘက်အင်တာပွာမြို့သို့ ရောက်၏။ 8တာပွာပြည်သည် မနာရှေအမျိုးသားအပိုင်ဖြစ်သော်လည်း မနာရှေနယ်စပ်ရှိ တာပွာမြို့ကိုမူ ဧဖရိမ်အမျိုးသားတို့ ပိုင်၏။ 9နယ်နိမိတ်သည် တောင်ဘက် ကာနချောင်းဘက်သို့ ဆင်းလာ၏။ မနာရှေပိုင်မြေထဲတွင် ဧဖရိမ်ပိုင်သောမြို့များလည်း ရှိ၏။ မနာရှေနယ်နိမိတ်သည် ချောင်း၏မြောက်ဘက်ရှိ ပင်လယ်၌ဆုံး၏။ 10တောင်ဘက်ပိုင်းသည် ဧဖရိမ်အပိုင်ဖြစ်ပြီး မြောက်ဘက်ပိုင်းသည် မနာရှေအပိုင်ဖြစ်၏။ ပင်လယ်သည် အနောက်ဘက်နယ်နိမိတ်ဖြစ်၏။ မြောက်ဘက်တွင် အာရှာနယ်မြေ၊ အရှေ့ဘက်တွင် ဣသခါနယ်မြေနှင့် ထိစပ်နေ၏။ 11ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။ 12ခါနာန်လူမျိုးတို့သည် ထိုအရပ်တွင် အတင်းနေထိုင်ကြသောကြောင့် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့တွင်နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။ 13အစ္စရေးအမျိုးသားတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အလုပ်ကြမ်းလုပ်စေ၏။
ယောသပ်အမျိုးအနွယ်တို့ နောက်ထပ်ရသောအမွေမြေ
14တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။
15ယောရှုကလည်း သူတို့အား “သင်တို့၏လူဦးရေများပြားသောကြောင့် ဧဖရိမ်တောင်ပေါ်ဒေသသည် သင်တို့အဖို့ ကျဉ်းကျပ်သည်ဆိုလျှင် ဖေရဇိပြည်၊ ရေဖိမ်ပြည်ရှိ တောများကို ခုတ်ထွင်ရှင်းလင်းကြလော့”ဟု ဆိုလေ၏။
16ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။
17ထိုအခါ ယောရှုက ယောသပ်အမျိုးအနွယ်ဖြစ်သော ဧဖရိမ်အမျိုးနှင့် မနာရှေအမျိုးအား “သင်တို့သည် လူဦးရေများ၏၊ အင်အားလည်းကြီး၏။ သင်တို့ ဝေစုတစ်စုတည်း မလောက်လျှင် 18တောင်ပေါ်ဒေသကိုလည်း သင်တို့အပိုင်ဖြစ်စေမည်။ ထိုဒေသသည် တောဖြစ်သောကြောင့် သင်တို့ခုတ်ထွင်ရှင်းလင်းရမည်။ သင်တို့ခုတ်ထွင်နိုင်သမျှ သင်တို့အပိုင်ဖြစ်မည်။ ခါနာန်လူမျိုးတို့သည် သံရထားများပိုင်ဆိုင်ပြီး အင်အားကြီးသော်လည်း သူတို့ကို သင်တို့နှင်ထုတ်နိုင်လိမ့်မည်”ဟု ပြန်ပြော၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative