သုတ္တံကျမ်း 16
16
1စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။
လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
2လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။
သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
3သင်ပြုသောအမှုတို့ကို ထာဝရဘုရားထံအပ်နှံလော့။
သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။
ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
5ဘဝင်မြင့်သောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
သူတို့သည် မည်သို့မျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
6မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
7လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ
ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
8တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည်
မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။
9လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။
သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
10ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။
တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။
11မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။
အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။
12ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍
ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။
13ရှင်ဘုရင်တို့သည် ဖြောင့်မတ်သောနှုတ်ခမ်းကိုနှစ်သက်၍
ဖြောင့်မှန်စွာပြောဆိုသောသူကို ချစ်ကြ၏။
14ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။
သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။
15ရှင်ဘုရင်၏မျက်နှာတော်ကြည်လင်တောက်ပရာ၌ အသက်ရှင်ခြင်းရှိ၏။
သူ၏ကျေးဇူးပြုခြင်းသည် နွေဦးမိုးကိုရွာစေသည့် တိမ်တိုက်ကဲ့သို့ဖြစ်၏။
16ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။
ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
17ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။
မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
18ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။
ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
19ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့နှင့်အတူ စိတ်နှိမ့်ချလျက်နေခြင်းသည်
မောက်မာသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေရခြင်းထက် ပို၍ကောင်း၏။
20နှုတ်ကပတ်တော်ကို ဂရုပြုသောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်။
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူသည်လည်း မင်္ဂလာရှိလိမ့်မည်။
21စိတ်နှလုံး၌ပညာရှိသောသူသည် အသိဉာဏ်ရှိသောသူဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
နှစ်လိုဖွယ်စကားတို့သည် ပညာကိုတိုးပွားစေတတ်၏။
22ဉာဏ်စွမ်းကိုပိုင်ဆိုင်သောသူအတွက် ထိုဉာဏ်စွမ်းသည် အသက်စမ်းရေတွင်းဖြစ်၏။
မိုက်မဲခြင်းမူကား ဆိုးမိုက်သောသူတို့ခံရသော အပြစ်ဒဏ်ဖြစ်၏။
23ပညာရှိသောသူ၏စိတ်နှလုံးသည် မိမိနှုတ်ကိုပညာသတိရှိစေ၍
မိမိနှုတ်ခမ်းတွင် ပညာကိုတိုးပွားစေတတ်၏။
24နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့
စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
25လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း
အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
26အလုပ်လုပ်သောသူ၏ပါးစပ်သည် သူ့ကိုတွန်းအားပေးသောကြောင့်
သူ၏စိတ်ဆန္ဒသည် သူ့အတွက် ကြိုးပမ်းအားထုတ်တတ်၏။
27ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။
သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
28ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။
အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။
29ရက်စက်ကြမ်းကြုတ်သောသူသည် မိမိ၏အိမ်နီးချင်းကိုသွေးဆောင်၍
မကောင်းသောလမ်းသို့ လိုက်စေတတ်၏။
30မျက်စိမှိတ်ပြသောသူသည် ဖောက်ပြန်လွဲမှားသောအရာများကို ကြံစည်နေခြင်းဖြစ်၏။
မိမိ၏နှုတ်ခမ်းကိုဖိပိတ်ထားသောသူသည်လည်း မကောင်းမှုကိုပြီးမြောက်စေသောသူဖြစ်၏။
31ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍
ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
32စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။
မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း
မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
33မဲကို ပေါင်ခွင်၌ချတတ်ကြ၏။
သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative