YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 19

19
1တည်ကြည်​စွာ​လျှောက်လှမ်း​သော ဆင်းရဲသား​သည်
ကောက်ကျစ်​သော​စကား​ကို​ပြောဆို​သည့် လူမိုက်​ထက် ပို၍​ကောင်း​၏​။
2အသိပညာ​ကင်းမဲ့​သော​စိတ်ဆန္ဒ​သည် မ​ကောင်း​ပေ​။
အလျင်စလို​ခြေ​လှမ်း​သော​သူ​သည် လွဲချော်​တတ်​၏​။
3လူ​သည် မိမိ​၏​မိုက်မဲမှု​ကြောင့် မိမိ​လမ်းခရီး​မှားယွင်း​ချွတ်ချော်​သောအခါ​ပင်
သူ​၏​စိတ်နှလုံး​တွင် ထာဝရဘုရား​ကို​စိတ်ဆိုး​တတ်​၏​။
4စည်းစိမ်ဥစ္စာ​သည် အပေါင်းအသင်း​များစွာ​တိုးပွား​စေ​တတ်​၏​။
ဆင်းရဲ​သော​သူ​မူကား သူ့​မိတ်ဆွေ​၏​စွန့်ခွာ​ခြင်း​ကို​ခံရ​တတ်​၏​။
5မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း လွတ်မြောက်​လိမ့်မည်​မ​ဟုတ်​။
6များစွာ​သော​သူ​တို့​သည် မင်းအရာရှိ​ထံမှ​မျက်နှာရ​ရန်​ကြိုးစား​တတ်​ကြ​၏​။
လူ​တိုင်း​သည်​လည်း လက်ဆောင်​ပေး​သော​သူ​နှင့်​မိတ်ဆွေ​ဖြစ်​တတ်​ကြ​၏​။
7ဆင်းရဲ​သော​သူ​ကို သူ​၏​ညီအစ်ကို​အားလုံး​ကပင် မုန်း​တတ်​ကြ​၏​။
သူ​၏​မိတ်ဆွေ​တို့​သည် သူ့​ကို​ဝေးဝေးရှောင်​ကြ​သည်​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။
သူ​သည် သူ​တို့​နောက်​သို့​လိုက်​၍ စကားပြော​သော်လည်း
မည်သူ​မျှ သူ​နှင့်​စကား​မ​ပြော​ကြ​ပေ​။
8အသိဉာဏ်​ကို​ရရှိ​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​ချစ်​၏​။
ထိုးထွင်းဉာဏ်​ကို​စောင့်ထိန်း​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့ရှိ​လိမ့်မည်​။
9မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။
10မိုက်မဲ​သော​သူ​သည် ပျော်ရွှင်ကြည်နူး​ရန်​မ​သင့်လျော်​ပေ​။
ထို့ထက်မက ကျွန်​သည် အကြီးအကဲ​တို့​ကို​အုပ်စိုး​ရန် ပို၍ပင်​မ​သင့်လျော်​ပေ​။
11ပညာသတိ​ရှိ​သော​သူ​သည် မိမိ​၏​ဒေါသ​ကို​ချုပ်တည်း​တတ်​၏​။
သူ​၏​ဂုဏ်ကျက်သရေ​ကား သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖြေလွှတ်​ခြင်း​ဖြစ်​၏​။
12ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် ခြင်္သေ့ပျို​ဟောက်​သကဲ့သို့​ဖြစ်​၏​။
သူ​၏​ကျေးဇူး​ပြု​ခြင်း​မူကား မြက်ပင်​ပေါ်မှ​နှင်းစက်​ကဲ့သို့​ဖြစ်​၏​။
13မိုက်မဲ​သော​သား​သည် သူ့​ဖခင်​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။
ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​သည်​လည်း အဆက်မပြတ် တစက်စက်​ယိုကျ​သော​မိုးရေ​နှင့်​တူ​၏​။
14အိမ်ရာ​နှင့်​စည်းစိမ်ဥစ္စာ​သည် မိဘ​ဘိုးဘွား​တို့​ပေး​သော​အမွေ​ဖြစ်​၏​။
ပညာသတိ​ရှိ​သော​မယား​မူကား ထာဝရဘုရား​ပေးသနား​တော်မူ​ရာ​ဖြစ်​၏​။
15ပျင်းရိ​ခြင်း​သည် အအိပ်ကြီး​စေ​တတ်​၏​။
လုံ့လနည်း​သော​သူ​သည်​လည်း ငတ်မွတ်​ရ​လိမ့်မည်​။
16ပညတ်တော်​ကို​စောင့်ထိန်း​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။
ကိုယ်တော်​၏​လမ်း​တော်​တို့​ကို မထီမဲ့မြင်ပြု​သော​သူ​မူကား သေ​ရ​လိမ့်မည်​။
17ဆင်းရဲ​သော​သူ​ကို​သနား​သော​သူ​သည် ထာဝရဘုရား​အား ချေးငှား​ခြင်း​ဖြစ်၍
ကိုယ်တော်​သည် သူ​၏​လုပ်ဆောင်မှု​အတွက် သူ့​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်​။
18မျှော်လင့်​ခြင်း​ရှိ​စဉ်အခါ သင်​၏​သား​ကို​ပဲ့ပြင်​လော့​။
သူ့​ကို​သေ​ခြင်း​သို့​ရောက်​စေ​လို​သည့် စိတ်ထား​မျိုး​မ​ရှိ​စေ​နှင့်​။
19အမျက်ဒေါသ​ကြီးမား​သော​သူ​သည် အပြစ်ဒဏ်​ခံရ​လိမ့်မည်​။
သူ့​ကို​ကယ်နုတ်​လျှင်​လည်း နောက်တစ်ဖန်​ထပ်၍ ကယ်နုတ်​ရ​ဦး​မည်​။
20အကြံဉာဏ်​ကို​နားထောင်​၍ ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်ခံ​လော့​။
သို့ပြုလျှင် နောက်ဆုံး​၌ သင်​သည် ဉာဏ်ပညာ​ကို​ရရှိ​လိမ့်မည်​။
21လူ​၏​စိတ်နှလုံး​ထဲ၌ အကြံအစည်​များစွာ​ရှိ​၏​။
သို့ရာတွင် ထာဝရဘုရား​၏​အကြံဉာဏ်​သည်​သာ တည်​လိမ့်မည်​။
22လူ့​ထံမှ​အလို​ရှိအပ်​သော​အရာ​ကား သူ​၏​မေတ္တာကရုဏာ​ဖြစ်​၏​။
ဆင်းရဲ​သော​သူ​သည် လိမ်လည်​သော​သူ​ထက် ပို၍​ကောင်း​၏​။
23ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​ပေး​သည်​ဖြစ်၍
ထို​စိတ်သဘော​ရှိ​သော​သူ​သည် ပြည့်စုံ​စွာ​နေ​ရ​လျက် ဘေးအန္တရာယ်​နှင့်​ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။
24ပျင်းရိ​သော​သူ​သည် မိမိ​၏​လက်​ကို​ပန်းကန်​ထဲသို့​နှိုက်​သော်လည်း
၎င်း​ကို မိမိ​ပါးစပ်​ထဲသို့ ပြန်​၍​မ​သွင်း​လို​။
25ပြက်ရယ်​ပြု​တတ်​သော​သူ​ကို​ရိုက်​လော့​။
သို့ပြုလျှင် အသိဉာဏ်​နည်းပါး​သော​သူ​သည် နှိုင်းချင့်မျှော်ခေါ်​တတ်​လာ​လိမ့်မည်​။
အသိဉာဏ်​ရှိ​သော​သူ​ကို​ဆုံးမ​လော့​။
သို့ပြုလျှင် သူ​သည် အသိပညာ​ကို​ရရှိ​လိမ့်မည်​။
26ဖခင်​အပေါ်​ကြမ်းကြုတ်​စွာ​ပြုမူ​ပြီး မိခင်​ကို​နှင်ထုတ်​သော​သား​သည်
အရှက်ကွဲ​စေ​သော​သား​၊ မျက်နှာပျက်​စေ​သော​သား​ဖြစ်​၏​။
27ငါ့​သား​၊ သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​နားမထောင်​တော့​လျှင်
အသိပညာ​စကား​တို့​မှ လမ်းလွဲ​သွား​လိမ့်မည်​။
28ဆိုးညစ်​သော​သက်သေ​သည် တရားမျှတမှု​ကို ပြက်ရယ်​ပြု​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည်​လည်း အပြစ်ဒုစရိုက်​ကို ဝါးမျို​တတ်​၏​။
29ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​အတွက် အပြစ်ဒဏ်​သည်​လည်းကောင်း​၊
မိုက်မဲ​သော​သူ​တို့​၏​ကျောကုန်း​အတွက် ကြိမ်ဒဏ်​သည်​လည်းကောင်း အဆင်သင့်​ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ