သုတ္တံကျမ်း 19
19
1တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည်
ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
2အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။
အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
3လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင်
သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
4စည်းစိမ်ဥစ္စာသည် အပေါင်းအသင်းများစွာတိုးပွားစေတတ်၏။
ဆင်းရဲသောသူမူကား သူ့မိတ်ဆွေ၏စွန့်ခွာခြင်းကိုခံရတတ်၏။
5မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
6များစွာသောသူတို့သည် မင်းအရာရှိထံမှမျက်နှာရရန်ကြိုးစားတတ်ကြ၏။
လူတိုင်းသည်လည်း လက်ဆောင်ပေးသောသူနှင့်မိတ်ဆွေဖြစ်တတ်ကြ၏။
7ဆင်းရဲသောသူကို သူ၏ညီအစ်ကိုအားလုံးကပင် မုန်းတတ်ကြ၏။
သူ၏မိတ်ဆွေတို့သည် သူ့ကိုဝေးဝေးရှောင်ကြသည်မှာ အဘယ်ဆိုဖွယ်ရှိသနည်း။
သူသည် သူတို့နောက်သို့လိုက်၍ စကားပြောသော်လည်း
မည်သူမျှ သူနှင့်စကားမပြောကြပေ။
8အသိဉာဏ်ကိုရရှိသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုချစ်၏။
ထိုးထွင်းဉာဏ်ကိုစောင့်ထိန်းသောသူသည် ကောင်းသောအရာကိုတွေ့ရှိလိမ့်မည်။
9မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
လိမ်လည်ထွက်ဆိုသောသူသည်လည်း ပျက်စီးရလိမ့်မည်။
10မိုက်မဲသောသူသည် ပျော်ရွှင်ကြည်နူးရန်မသင့်လျော်ပေ။
ထို့ထက်မက ကျွန်သည် အကြီးအကဲတို့ကိုအုပ်စိုးရန် ပို၍ပင်မသင့်လျော်ပေ။
11ပညာသတိရှိသောသူသည် မိမိ၏ဒေါသကိုချုပ်တည်းတတ်၏။
သူ၏ဂုဏ်ကျက်သရေကား သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖြေလွှတ်ခြင်းဖြစ်၏။
12ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။
သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
13မိုက်မဲသောသားသည် သူ့ဖခင်အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
ငြင်းခုံရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
14အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။
ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
15ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။
လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
16ပညတ်တော်ကိုစောင့်ထိန်းသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူဖြစ်၏။
ကိုယ်တော်၏လမ်းတော်တို့ကို မထီမဲ့မြင်ပြုသောသူမူကား သေရလိမ့်မည်။
17ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍
ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
18မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။
သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။
19အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။
သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
20အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။
သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
21လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။
သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
22လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။
ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။
23ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ရှင်ခြင်းသို့ပို့ဆောင်ပေးသည်ဖြစ်၍
ထိုစိတ်သဘောရှိသောသူသည် ပြည့်စုံစွာနေရလျက် ဘေးအန္တရာယ်နှင့်ကြုံတွေ့ရလိမ့်မည်မဟုတ်။
24ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့နှိုက်သော်လည်း
၎င်းကို မိမိပါးစပ်ထဲသို့ ပြန်၍မသွင်းလို။
25ပြက်ရယ်ပြုတတ်သောသူကိုရိုက်လော့။
သို့ပြုလျှင် အသိဉာဏ်နည်းပါးသောသူသည် နှိုင်းချင့်မျှော်ခေါ်တတ်လာလိမ့်မည်။
အသိဉာဏ်ရှိသောသူကိုဆုံးမလော့။
သို့ပြုလျှင် သူသည် အသိပညာကိုရရှိလိမ့်မည်။
26ဖခင်အပေါ်ကြမ်းကြုတ်စွာပြုမူပြီး မိခင်ကိုနှင်ထုတ်သောသားသည်
အရှက်ကွဲစေသောသား၊ မျက်နှာပျက်စေသောသားဖြစ်၏။
27ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင်
အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
28ဆိုးညစ်သောသက်သေသည် တရားမျှတမှုကို ပြက်ရယ်ပြုတတ်၏။
ဆိုးယုတ်သောသူတို့၏နှုတ်သည်လည်း အပြစ်ဒုစရိုက်ကို ဝါးမျိုတတ်၏။
29ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊
မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative