ဆာလံကျမ်း 26
26
အပြစ်မရှိကြောင်းစီရင်တော်မူရန် ဆုတောင်းခြင်း
ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍
ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
2အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်ကိုစမ်းသပ်တော်မူပါ။
အကျွန်ုပ်၏စိတ်နှလုံးအတွင်းသဘောကို စစ်ကြောတော်မူပါ။
3အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်၏မျက်မှောက်တွင်ရှိပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါ၏။
4အကျွန်ုပ်သည် မဟုတ်မမှန်သောသူတို့နှင့်အတူ မထိုင်ပါ။
သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်လည်း အတူသွားလာမည်မဟုတ်ပါ။
5ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အစုအဝေးကို မုန်းပါ၏။
ဆိုးယုတ်သောသူတို့နှင့်လည်း အတူထိုင်မည်မဟုတ်ပါ။
6အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍
ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
7ကျေးဇူးတော်ချီးမွမ်းခြင်းအသံကိုလွှင့်၍
ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
8အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့်
ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
9အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊
လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
10ထိုသူတို့လက်ထဲ၌ ဆိုးညစ်သောအကြံရှိ၍
သူတို့၏လက်ယာလက်သည် တံစိုးလက်ဆောင်နှင့်ပြည့်နေပါ၏။
11အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။
အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
12အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။
အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative