ဆာလံကျမ်း 27
27
အကျွန်ုပ်၏မှီခိုရာ
ဒါဝိဒ်၏ဆာလံ
1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။
ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။
ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။
ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
2ငါ့ကိုရန်ဖက်ပြုသောသူများနှင့် ငါ၏ရန်သူများဖြစ်ကြသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ငါ့အသားကိုကိုက်စားရန်
ငါ့ထံသို့ချဉ်းကပ်လာကြသောအခါ ခလုတ်တိုက်၍လဲကျကြလိမ့်မည်။
3တပ်တစ်တပ်သည် ငါ့တစ်ဖက်၌စခန်းချထားလျှင်လည်း ငါ့စိတ်နှလုံးသည်ကြောက်လိမ့်မည်မဟုတ်။
ငါ့ကိုတိုက်ခိုက်သည့်စစ်ပွဲဖြစ်ပွားလျှင်လည်း ထိုစစ်ပွဲတွင် ငါရဲရင့်တည်ကြည်လိမ့်မည်။
4ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန်
ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို
ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
5အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။
ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌
ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
6ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။
ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
7အို ထာဝရဘုရား၊ အကျွန်ုပ်ခေါ်သောအသံကို နားညောင်းတော်မူပါ။
အကျွန်ုပ်ကို သနား၍ထူးတော်မူပါ။
8အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ
အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
9အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။
ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
10ငါ၏မိဘတို့သည် ငါ့ကိုစွန့်ပစ်ကြလျှင်လည်း
ထာဝရဘုရားသည် ငါ့ကိုခေါ်ထားတော်မူလိမ့်မည်။
11အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။
အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
12အကျွန်ုပ်၏ရန်သူတို့အလိုအတိုင်းပြုကြစေရန် အကျွန်ုပ်ကိုအပ်တော်မမူပါနှင့်။
အကြောင်းမူကား မုသားသက်သေတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြလျက်
ရက်စက်ကြမ်းကြုတ်သောစကားကို တရစပ်ပြောဆိုကြပါ၏။
13အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု
ငါယုံကြည်စိတ်ချ၏။
14ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။
ထာဝရဘုရားကို စောင့်မျှော်လော့။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative