ဆာလံကျမ်း 78
78
အစ္စရေးလူမျိုးတို့၏အတိတ်ဖြစ်ရပ်မှ သင်ခန်းစာယူစရာများ
အာသပ်၏အလိမ္မာသီချင်း
1အို ငါ၏လူမျိုးတော်၊ ငါ၏တရားကို စူးစိုက်နားထောင်လော့။
ငါ၏နှုတ်ထွက်စကားတို့ကို နားစွင့်ကြလော့။
2ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍
ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။#မ 13:35။
3ထိုအရာတို့သည် ငါတို့ကြား၍ သိထားသောအရာများ၊
ငါတို့၏ဘိုးဘေးများက ငါတို့ကိုပြောပြသောအရာများဖြစ်ကြ၏။
4ထိုအရာတို့ကို သူတို့၏သားသမီးများမသိအောင် ငါတို့ထိမ်ဝှက်ထားမည်မဟုတ်။
ငါတို့သည် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်များနှင့်တန်ခိုးတော်ကိုလည်းကောင်း၊
ကိုယ်တော်ပြုသော အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း
လာမည့်မျိုးဆက်အား ပြောကြားမည်။
5အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍
တရားတော်ကို အစ္စရေး၌ထားတော်မူ၏။
၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
6ဤသည်ကား လာမည့်မျိုးဆက်တည်းဟူသော နောင်မွေးဖွားလာမည့်သားသမီးတို့သည်
ထိုအရာတို့ကိုသိမှတ်၍ သူတို့၏သားသမီးများကို လက်ဆင့်ကမ်းပြောပြနိုင်ရန်ဖြစ်၏။
7ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ
ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
8ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။
ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊
သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း
ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
9လေးလက်နက်စွဲကိုင်သောဧဖရိမ်အမျိုးသားတို့သည်
စစ်တိုက်သောနေ့တွင် နောက်ပြန်လှည့်ကြ၏။
10သူတို့သည် ဘုရားသခင်၏ပဋိညာဉ်တော်ကို မစောင့်ထိန်းကြ။
တရားတော်အတိုင်းလျှောက်လှမ်းရန်လည်း ငြင်းဆန်ကြ၏။
11ကိုယ်တော်ပြုတော်မူသောအမှုများနှင့် သူတို့အား ပြတော်မူသည့်
ကိုယ်တော်၏အံ့ဖွယ်သောအမှုများကိုလည်း မေ့လျော့ကြ၏။
12ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင်
အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
13ပင်လယ်ကိုခွဲ၍ သူတို့ကိုဖြတ်သွားစေတော်မူ၏။
ရေများကို တာတမံကဲ့သို့ မတ်မတ်တည်စေတော်မူ၏။
14နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊
ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
15တောကန္တာရထဲ၌ ကျောက်ဆောင်များကိုခွဲ၍
နက်ရှိုင်းသောသမုဒ္ဒရာမှရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။
16ကျောက်ထဲမှ ရေစီးထွက်စေ၍
မြစ်ရေများကဲ့သို့ စီးဆင်းစေတော်မူ၏။
17သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့်
နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။
18မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့်
သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။
19သူတို့က
“ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကိုတည်ခင်းနိုင်ပါမည်လော။
20ကျောက်ဆောင်ကိုရိုက်သောအခါ ရေများစီးထွက်လာပါ၏။ စမ်းချောင်းများစီးဆင်းပါ၏။
သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။
မိမိလူမျိုးတော်အတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော”ဟု ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြ၏။
21ထို့ကြောင့် ထာဝရဘုရားသည် ထိုစကားကိုကြား၍ အမျက်ထွက်တော်မူ၏။
မီးသည် ယာကုပ်အမျိုးပေါ်၌ ထလောင်၍
အမျက်တော်သည်လည်း အစ္စရေးလူမျိုးအပေါ် သက်ရောက်လေ၏။
22အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။
ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။
23သို့သော် ကိုယ်တော်သည် အထက်အရပ်မှမိုးတိမ်တို့ကိုအမိန့်ပေး၍
ကောင်းကင်တံခါးတို့ကိုဖွင့်ကာ
24သူတို့စားရန် မန္နမုန့်ကိုသူတို့အပေါ်ရွာကျစေပြီး
ကောင်းကင်မှကောက်ပဲသီးနှံကို သူတို့အားပေးတော်မူ၏။#ယော 6:31။
25လူသည် ကောင်းကင်တမန်တို့၏မုန့်ကို စားခဲ့ရ၏။
ကိုယ်တော်သည် သူတို့အား စားနပ်ရိက္ခာကို ပြည့်စုံကြွယ်ဝစွာပို့ပေးတော်မူ၏။
26ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး
မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
27ဤသို့ဖြင့် အသားကို မြေမှုန့်နှင့်အမျှ၊
တောင်ပံပါသောငှက်တို့ကို သမုဒ္ဒရာ၏သဲပွင့်နှင့်အမျှ
သူတို့အပေါ်ရွာကျစေတော်မူပြီး
28သူတို့၏စခန်းအတွင်းနှင့် သူတို့နေထိုင်ရာအရပ်ပတ်လည်၌
ကျစေတော်မူ၏။
29ထိုသို့ သူတို့၏အာသာဆန္ဒအတိုင်း သူတို့အား ပေးတော်မူသဖြင့်
သူတို့သည် ဝလင်စွာစားရကြ၏။
30သို့သော် သူတို့၏အာသာဆန္ဒမပြေမီ သူတို့၏အစားအစာသည်
သူတို့၏ပါးစပ်ထဲ၌ရှိစဉ်ပင်
31ဘုရားသခင်၏အမျက်တော်သည် သူတို့အပေါ်သက်ရောက်သဖြင့်
သူတို့ထဲမှ အကြံ့ခိုင်ဆုံးသောသူတို့ကို ကွပ်မျက်၍ အစ္စရေးလူပျိုတို့ကို လှဲချတော်မူ၏။
32သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း
ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
33ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို အချည်းနှီးသောအဖြစ်၌လည်းကောင်း၊
သူတို့၏နှစ်ကာလများကို ထိတ်လန့်ခြင်း၌လည်းကောင်း ကုန်လွန်စေတော်မူ၏။
34သူတို့ကို ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်ကိုရှာကြ၏။
သူတို့သည် နောင်တရလျက် ဘုရားသခင်ကိုကြိုးစား၍ရှာကြ၏။
35ဘုရားသခင်သည် သူတို့၏ကျောက်ဆောင်၊ သူတို့ကိုရွေးနုတ်တော်မူသည့်
အမြင့်ဆုံးသောဘုရားသခင်ဖြစ်ကြောင်း သူတို့သတိရကြ၏။
36သို့သော် သူတို့သည် မိမိတို့နှုတ်ဖြင့် ကိုယ်တော်ကိုမြှောက်ပင့်၍
မိမိတို့လျှာဖြင့် ကိုယ်တော်ကိုလိမ်လည်ကြ၏။
37သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။
ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
38သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ
သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။
မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍
မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
39သူတို့သည် အသွေးအသားဖြစ်ကြောင်းနှင့် ထွက်ခွာသွားပြီးလျှင်
ပြန်မလာတော့သည့်လေဖြစ်ကြောင်း ကိုယ်တော်အောက်မေ့တော်မူ၏။
40သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး
ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
41သူတို့သည် ဘုရားသခင်ကိုအကြိမ်ကြိမ်စမ်းသပ်လျက်
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏စိတ်တော်ကို ဆွကြ၏။
42သူတို့သည် ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊
သူတို့ကိုရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာနေ့ရက်တည်းဟူသော
43အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌
တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
44ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့်
သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။
45ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊
သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
46သူတို့၏အသီးအနှံကို နှံကောင်တို့အားလည်းကောင်း၊
သူတို့လုပ်ဆောင်ရရှိသောအရာကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။
47သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊
သူတို့၏သင်္ဘောသဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
48သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊
သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
49ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့်
မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို
သူတို့ထံသို့စေလွှတ်တော်မူ၏။
50ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက်
သူတို့၏စိတ်ဝိညာဉ်ကို သေဘေးမှလွတ်ကင်းခွင့်မပေးဘဲ
သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။
51ဟာမ၏တဲများမှ ယောက်ျားအားမာန်၏အသီးဦးတည်းဟူသော
အီဂျစ်ပြည်မှ သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
52သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးများကဲ့သို့ထုတ်ဆောင်ပြီး
တောကန္တာရထဲ၌ သူတို့ကို သိုးအုပ်ကဲ့သို့ ပို့ဆောင်တော်မူ၏။
53ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာပို့ဆောင်တော်မူသဖြင့် သူတို့သည် မကြောက်ကြရပေ။
သို့သော် ပင်လယ်ရေသည် သူတို့၏ရန်သူများကို ဖုံးလွှမ်းခဲ့၏။
54ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောနယ်မြေသို့လည်းကောင်း၊
မိမိ၏လက်ယာလက်တော်ဖြင့်ရယူထားသော ဤတောင်သို့လည်းကောင်း
သူတို့ကိုခေါ်ဆောင်တော်မူ၏။
55ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး
အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍
အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
56သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။
ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
57မိမိတို့ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။
လိမ်ကောက်သောလေးကဲ့သို့ အသုံးမကျသောသူများလည်းဖြစ်ကြ၏။
58သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး
မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
59ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ
အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
60ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့်
လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
61ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊
မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
62မိမိ၏လူမျိုးတော်ကိုလည်း ဓားဘေးသို့အပ်နှံ၍
မိမိ၏အမွေတော်ကို အမျက်ထွက်တော်မူ၏။
63မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍
ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
64ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍
ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။
65ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းကောင်း၊
စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍
66မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို
သူတို့အပေါ်သက်ရောက်စေတော်မူ၏။
67ထို့နောက် ကိုယ်တော်သည် ယောသပ်၏တဲကိုစွန့်ပယ်၍
ဧဖရိမ်အမျိုးအနွယ်ကိုလည်း ရွေးချယ်တော်မမူဘဲ
68ယုဒအမျိုးအနွယ်နှင့် မိမိချစ်တော်မူသောဇိအုန်တောင်ကို
ရွေးချယ်တော်မူပြီး
69မိမိ၏သန့်ရှင်းရာဌာနတော်ကို အထွတ်အထိပ်ကဲ့သို့လည်းကောင်း၊
အစဉ်အမြဲတည်စေတော်မူသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။
70တစ်ဖန် မိမိ၏အစေအပါးဒါဝိဒ်ကိုရွေးချယ်ပြီး
သူ့ကိုသိုးခြံများထဲမှခေါ်ယူတော်မူ၍
71သားငယ်ရှိသောသိုးမများကိုထိန်းကျောင်းရာမှ မိမိ၏လူမျိုးတော်ဖြစ်သောယာကုပ်၊
မိမိ၏အမွေတော်ဖြစ်သောအစ္စရေးကို ထိန်းကျောင်းစေရန် သူ့ကိုခေါ်ဆောင်လာတော်မူ၏။
72သူသည်လည်း တည်ကြည်သောစိတ်နှလုံးဖြင့် သူတို့ကိုထိန်းကျောင်း၍
ကျွမ်းကျင်လိမ္မာသောလက်ဖြင့် သူတို့ကိုပို့ဆောင်၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 78: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative