ဆာလံကျမ်း 79
79
ရှုပ်ထွေးခြင်းကြားမှ ယုံကြည်ခြင်း
အာသပ်၏ဆာလံ
1အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍
ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။
ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။
2သူတို့သည် ကိုယ်တော့်အစေအပါးတို့၏ အလောင်းများကို
မိုးကောင်းကင်ငှက်တို့အားလည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသူတို့၏အသားကို
တောရိုင်းတိရစ္ဆာန်တို့အားလည်းကောင်း စားစရာအဖြစ်ပေးကြပါပြီ။
3ထိုသူတို့၏သွေးကိုလည်း ဂျေရုဆလင်မြို့ပတ်လည်တွင် ရေကဲ့သို့သွန်းကြပါပြီ။
သူတို့ကိုသင်္ဂြိုဟ်မည့်သူလည်း မရှိပါ။
4အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊
အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ
အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
5အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။
ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။
ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
6ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊
ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း
ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
7အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍
သူ၏မှီတင်းနေထိုင်ရာအရပ်ကို ဖျက်ဆီးကြပါပြီ။
8ယခင်ကဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်မှတ်တော်မမူပါနှင့်။
အကျွန်ုပ်တို့သည် အခြေအနေ အလွန်နိမ့်ပါးလျက်ရှိသည်ဖြစ်၍
ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်တို့ကိုကြိုဆိုရန်
အလျင်အမြန်ရောက်လာပါစေသော။
9အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊
ကိုယ်တော့်နာမတော်၏ဘုန်းအသရေတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။
ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကိုကယ်နုတ်ပြီး
အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
10လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု
အဘယ်ကြောင့်ပြောဆိုရပါမည်နည်း။ ကိုယ်တော်၏အစေအပါးတို့ သွေးမြေကျရခြင်းအတွက်
လက်တုံ့ပြန်တော်မူကြောင်းကို အကျွန်ုပ်တို့မျက်စိရှေ့တွင် လူမျိုးခြားတို့သိမြင်ကြပါစေသော။
11အချုပ်အနှောင်ခံရသောသူ၏ညည်းတွားသံသည် ကိုယ်တော်၏ရှေ့တော်သို့ရောက်ပါစေသော။
သေဘေးရင်ဆိုင်နေရသောသူတို့ကို ကိုယ်တော်၏တန်ခိုးကြီးသော လက်ရုံးတော်အားဖြင့်
အသက်ချမ်းသာရာရစေတော်မူပါ။
12အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍
သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
13ထိုအခါ ကိုယ်တော်၏လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှသိုးစုဖြစ်သော
အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်း၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို
မျိုးဆက်အစဉ်အဆက်ပြောကြားကြပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 79: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative