ဆာလံကျမ်း 92
92
ဘုရားသခင်၏မေတ္တာတော်နှင့်သစ္စာတော်
ဥပုသ်နေ့အတွက် ဆာလံသီချင်း
1အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊
ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊
2နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်၊
ညအချိန်၌ ကိုယ်တော်၏သစ္စာတော်ကို
3စောင်းကောက်သံစဉ်နှင့်အတူ စောင်းပြားနှင့် ကြိုးဆယ်ချောင်းတပ်တူရိယာဖြင့်
ထုတ်ဖော်ပြောဆိုခြင်းသည်လည်းကောင်း ကောင်းမြတ်ပေ၏။
4အကြောင်းမူကား အို ထာဝရဘုရား၊
ကိုယ်တော်သည် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေပါ၏။
ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သော အရာများအတွက် အကျွန်ုပ်သည် ရွှင်လန်းစွာသီချင်းဆိုပါမည်။
5အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။
ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
6ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့
မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
7ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍
အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ
ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
8အို ထာဝရဘုရား၊ ကိုယ်တော်မူကား
မြင့်သောအရပ်၌ အစဉ်အမြဲရှိတော်မူ၏။
9အို ထာဝရဘုရား၊ အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည်၊
အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည် ပျက်စီးကြရလိမ့်မည်။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည်လည်း ကွဲလွင့်ကြရလိမ့်မည်။
10ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍
သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
11အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။
အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့်
ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
12ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍
လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
13ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည်
ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
14အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊
စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
15ထာဝရဘုရား ဖြောင့်မှန်တော်မူကြောင်း ပြောကြားကြလိမ့်မည်။
ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်တော်မူ၏။ ကိုယ်တော်၌မတရားမှုမရှိ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 92: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative