၁ ဓမ္မရာဇဝင် 30
30
အာမလက်တို့နှင့်စစ်ဖြစ်ခြင်း
1သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ 2မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ 3သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊ 4ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။ 5ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။#၁ရာ၊ ၂၅:၄၂-၄၃။ 6ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊ 7သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။#၁ရာ၊ ၂၂:၂၀-၂၃။ 8ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ 9ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။ 10ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ 11လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။ 12သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။ 13ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ 14ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။ 15ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။ 17ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ 18အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။ 19လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ 20ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
21မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့် သူ့၌ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကိုနှုတ်ဆက်လေ၏။ 22ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။ 23ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။ 24ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူ ရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူ ရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။ 25ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
26ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာအချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့အဖို့လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။ 27ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ယတ္တိယမြို့၊ 28အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊ 29ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊ 30ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊ 31ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 30: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.