ဆာလံ 9
9
တရားမျှတမှုအတွက်ချီးမွမ်းခြင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။ 2ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။ 3အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။ 4ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။ 5တစ်ပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသောသူတို့ကိုဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။ 6ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။ 7ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက်တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊ 8မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။ 9ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။ 10နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါ။
11ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။ 12လူအသက်သတ်ခြင်းအမှုကိုစစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချလျက်ရှိသော သူတို့၏အော်ဟစ်ခြင်းအသံကို မေ့လျော့တော်မမူတတ်ပါ။
13အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 14သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော်မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။
15တစ်ပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။ 16ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။ 17မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ 18ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မျှော်လင့်၍မရဘဲ အစဉ်မနေရကြ။
19အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ တစ်ပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော။ 20အိုထာဝရဘုရား၊ သူတို့ကို ခြောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.