YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 11

11
ဆုတောင်းခြင်း​အကြောင်း သွန်သင်တော်မူခြင်း
1တစ်ခါက ယေရှု​သည် တစ်နေရာ​တွင် ဆုတောင်း​လျက်​နေတော်မူ၏။ ဆုတောင်းတော်မူ​ပြီးနောက် တပည့်တော်များ​ထဲမှ တစ်ဦး​က “သခင်… ယောဟန်​သည် သူ​၏​တပည့်များ​ကို ဆုတောင်း​ရန် သင်ပေး​သကဲ့သို့ ကျွန်ုပ်တို့​ကို​လည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
2ယေရှု​ကလည်း “သင်တို့​ဆုတောင်း​သောအခါ
‘အို အဖ#11:2 အချို့​လက်ရေးမူကျမ်းများ​တွင် “ကောင်းကင်ဘုံ​၌ ရှိတော်မူသော ကျွန်ုပ်တို့​၏ အဖ” ဟူ၍ ပါရှိသည်။… ကိုယ်တော်​၏​အမည်​နာမတော်​အား ရိုသေလေးမြတ်​ကြပါစေသော။
နိုင်ငံတော်​တည်ထောင်ပါစေသော။
3နေ့စဉ်​လိုအပ်သော​အစာ​ကို အကျွန်ုပ်တို့​အား ပေးသနားတော်မူပါ။
4အကျွန်ုပ်တို့​အပေါ် ပြစ်မှားသော​သူတို့​ကို အကျွန်ုပ်တို့​သည် ခွင့်လွှတ်​သကဲ့သို့
အကျွန်ုပ်တို့​၏​အပြစ်များ​ကိုလည်း ခွင့်လွှတ်တော်မူပါ။
ဖြားယောင်း​သွေးဆောင်ရာ​သို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
5ထို့နောက် ယေရှု​က “သင်တို့​ထဲမှ တစ်စုံတစ်ယောက်​တွင် မိတ်ဆွေ​တစ်ဦး​ရှိသည် ဆိုပါစို့။ ည​သန်းခေါင်​အချိန်​တွင် ထို​သူ​ထံသို့ သွား​၍ ‘အဆွေ… 6ကျွန်ုပ်​၏ မိတ်ဆွေ​တစ်ဦး​သည် ခရီးသွားရာ​မှ ကျွန်ုပ်​ထံ ရောက်လာ​ပါ၏။ သူ့​အား ဧည့်ခံ​ရန် ဘာမျှ​မရှိ​သောကြောင့် ကျွန်ုပ်​ကို ပေါင်မုန့်​သုံးလုံး ချေးပေးပါ’ ဟု ဆိုသော် 7ထို​သူ​က ‘ငါ့​ကို မနှောင့်ယှက်ပါနှင့်။ အိမ်​တံခါး​ကို ပိတ်ထားပြီ။ ငါ​၏​သားသမီးများ​နှင့် ငါ​သည်လည်း အိပ်ရာဝင်ကြပြီ။ ထို့ကြောင့် ငါ​ထ​၍ သင့်​အား မပေးနိုင်ပါ’ ဟူ၍ အိမ်​အထဲ​မှ ပြန်ဖြေ​လိမ့်မည်။ 8သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​အိမ်ရှင်​သည် မိတ်ဆွေ​ဖြစ်သည်​ကို ထောက်​၍ အိပ်ရာ​မှ​ထ၍ ပေါင်မုန့်​ကို ပေး​လိမ့်မည်​မဟုတ်။ သို့သော်လည်း သူ​၏​မဆုတ်မနစ်​တောင်းနေခြင်း​ကြောင့် အိမ်ရှင်​သည် ထ​၍ သူ​လိုသမျှ​ကို ပေးလိမ့်မည်။
9ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ တောင်းကြလော့။ တောင်း​လျှင်​ရ​လိမ့်မည်။ ရှာကြလော့။ ရှာ​လျှင်​တွေ့​လိမ့်မည်။ တံခါး​ကို ခေါက်ကြလော့။ ခေါက်​လျှင် ဖွင့်ပေး​လိမ့်မည်။ 10တောင်းသော​သူတို့​သည် ရကြ၏။ ရှာသော​သူတို့​သည် တွေ့ကြ၏။ ခေါက်သော​သူတို့​အတွက်​လည်း တံခါး​ကို​ဖွင့်ပေး၏။
11သင်တို့​ထဲမှ ဖခင်​ဖြစ်သူ​သည် သူ​၏​သားသမီး​က ငါး​ကို​တောင်း​လျှင် ငါး​အစား မြွေ​ကို ပေးမည်လော။ 12သို့မဟုတ် ကြက်ဥ​ကို တောင်း​လျှင် ကင်းမြီးကောက်​ကို ပေးမည်လော။ 13သင်တို့​သည် ဆိုးသောသူ​ဖြစ်​လျက်​ပင် သင်တို့​၏​သားသမီးများ​အား ကောင်းသော​အရာ​ကို ပေးတတ်ကြ​လျှင် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် တောင်းသော​သူတို့​အား သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပို၍ ပေးတော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။
နတ်ဆိုးမင်း​ဗေလဇေဗုလ
14တစ်နေ့​တွင် ယေရှု​သည် လူတစ်ဦး​ထံမှ စကား​ဆွံ့အသော နတ်ဆိုး​ကို နှင်ထုတ်တော်မူ​သဖြင့် နတ်ဆိုး​ထွက်​သောအခါ ထို​သူ​သည် စကားပြောလေ၏။ လူထု​ပရိသတ်တို့​သည်လည်း အံ့သြကြ၏။ 15သို့သော် တချို့​က “သူ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။ 16တချို့​က ယေရှု​ကို စမ်းသပ်လို​သဖြင့် ကောင်းကင်​မှ နိမိတ်​လက္ခဏာ​ကို ပြ​ရန် တောင်းဆိုကြ၏။
17ယေရှု​သည် ထို​သူတို့​၏​တွေးတော​ကြံစည်မှု​ကို ကောင်းစွာ သိတော်မူ​သဖြင့် “နိုင်ငံ​တစ်နိုင်ငံ​တွင် ပြည်တွင်းစစ်​ဖြစ်​လျှင် ထို​နိုင်ငံ​သည် ပျက်စီး​လိမ့်မည်။ ထို​နည်းတူ မိသားစု​တစ်စု​တွင် အချင်းချင်း စိတ်ဝမ်းကွဲ​လျှင် ပြိုကွဲ​လိမ့်မည်။ 18သင်တို့​ပြော​သကဲ့သို့ ငါ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်စေတော့။ စာတန်​သည် မိမိကိုယ်မိမိ​ဆန့်ကျင်​လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​လိမ့်မည်နည်း။ 19ယခု​တွင် ငါ​သည် နတ်ဆိုးတို့​ကို ဗေလဇေဗုလ​တန်ခိုး​ဖြင့် နှင်ထုတ်​လျှင် သင်တို့​၏​ပယောဂဆရာတို့#11:19 “ပယောဂဆရာတို့” မူရင်း​ဂရိကျမ်း​တွင် “သားများ” ဟု ပါရှိသည်။​သည် မည်သူ့​တန်ခိုး​ဖြင့် နှင်ထုတ်ကြသနည်း။ ထို​ပယောဂဆရာတို့​ကပင် သင်တို့​မှားကြောင်း ထောက်ပြကြ​လိမ့်မည်။ 20သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​တန်ခိုးတော်​အားဖြင့်#11:20 မူရင်း​ဂရိကျမ်း​တွင် “ဘုရားသခင်​၏​လက်ညှိုးတော်” ဟု ပါရှိသည်။ ထို​နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်လျှင် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လေပြီ။ 21ခွန်အားကြီးသော​သူ​သည် လက်နက်စုံ​နှင့် မိမိ​အိမ်​ကို စောင့်ကြပ်​လျှင် သူ​၏​ပစ္စည်းဥစ္စာ​သည် လုံခြုံ​လိမ့်မည်။ 22သို့ရာတွင် သူ့​ထက်​ခွန်အားကြီးသော​သူ​သည် ဝင်ရောက်​တိုက်ခိုက်​၍ အနိုင်ရ​သောအခါ သူ​၏​အားကိုးရာ​လက်နက်တို့​ကို ထို​အနိုင်ရသူ​သည် သိမ်းယူ​လျက် ဥစ္စာတို့​ကိုလည်း ခွဲဝေ​လိမ့်မည်။
23ငါ့​ဘက်​၌ မနေသော​သူ​သည် ငါ့​ကို​ဆန့်ကျင်၏။ ငါ​နှင့်အတူ မစုစည်းသော​သူ​သည် ပြန့်ကျဲစေသောသူ​ဖြစ်၏။
24နတ်ဆိုး​သည် လူ​တစ်ဦး​အထဲမှ ထွက်ပြီး​လျှင် ရေမရှိ​ခြောက်သွေ့ရာ​အရပ်​သို့ လှည့်လည်​သွားလာ​သောအခါ ခိုနားစရာ​နေရာ​ရှာ​၍ မတွေ့​သဖြင့် ‘ငါ​သည် ယခင်​နေခဲ့သော​လူ​ထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ 25သူ​သည် ထို​လူ​ထံသို့ ပြန်သွား​သောအခါ လှည်းကျင်းထား​၍ စနစ်တကျ​ပြင်ဆင်ထားသည်​ကို တွေ့လေ၏။ 26ထိုအခါ နတ်ဆိုး​သည် မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို သွား​၍ ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေလေ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း ယခင်​ထက် ပို၍​ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။
27ထိုသို့ ဤ​အကြောင်း​ကို ကိုယ်တော်​ဟောပြောတော်မူ​စဉ် ပရိသတ်​ထဲမှ အမျိုးသမီး​တစ်ဦး​သည် “ကိုယ်တော်​အား လွယ်သော​ဝမ်း​နှင့် တိုက်ကျွေးသော​သားမြတ်​သည် မင်္ဂလာ​ရှိပါ၏” ဟု ကျယ်လောင်သော​အသံ​နှင့် လျှောက်လေ၏။
28ယေရှု​ကလည်း “ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ကြား​၍ လိုက်နာသောသူ​သည် ပို၍ မင်္ဂလာ​ရှိ၏” ဟု မိန့်တော်မူ၏။
ယောန​၏​နိမိတ်​လက္ခဏာ
29လူထု​ပရိသတ်များ ပို​၍​များပြားလာ​သောအခါ ယေရှု​က “ဤ​မျိုးဆက်​သည် ဆိုးညစ်သော​မျိုးဆက်​ဖြစ်၏။ သူတို့​သည် နိမိတ်​လက္ခဏာ​ကို တောင်းတတ်၏။ သို့သော် ငါ​သည် ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှလွဲ၍ မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်။ 30ယောန​သည် နိနဝေမြို့သား​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​သကဲ့သို့ လူသား#11:30 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည်လည်း ဤ​မျိုးဆက်တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​လိမ့်မည်။
31တရားစီရင်တော်မူသော​နေ့​တွင် တောင်ပိုင်း​မိဖုရား​သည် ဤ​မျိုးဆက်​အား ထ​၍ အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မိဖုရား​သည် ရှောလမုန်မင်းကြီး​၏​ပညာစကား​ကို နားထောင်​ရန် ဝေးလံသော​အရပ်​မှ ရောက်လာ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုကြလော့။ ရှောလမုန်​မင်းကြီး​ထက် ကြီးမြတ်သော​သူ​သည် ဤ​အရပ်​၌ ရှိ၏။ 32တရားစီရင်တော်မူသော​နေ့​တွင် နိနဝေမြို့သားတို့​သည် ထ​၍ ဤ​မျိုးဆက်​ကို အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မြို့သားတို့​သည် ယောန​၏​ဟောပြောခြင်း​အားဖြင့် သူတို့​၏​အပြစ်များ​မှ နောင်တရခဲ့ကြ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ယောန​ထက်​ကြီးမြတ်​သူ​သည် ဤ​အရပ်​၌ ရှိ၏။
အလင်းတော်​အား ခံယူခြင်း
33မည်သူ​မျှ ဆီမီးခွက်​ကို ထွန်း​၍ မြေအောက်ခန်း​၌​ဖြစ်စေ၊ တောင်း​အောက်၌​ဖြစ်စေ ဝှက်ထားလေ့​မရှိ။ အခန်း​သို့ ဝင်လာသော​သူတို့​အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့​ရှိ၏။
34မျက်စိ​သည် ကိုယ်ခန္ဓာ​၏​မီးအိမ် ဖြစ်၏။ ထို့ကြောင့် သင်​၏​မျက်စိ ကောင်းမွန်​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး လင်း​လိမ့်မည်။ သို့ရာတွင် သင်​၏​မျက်စိ​သည် မကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး မှောင်မိုက်နေ​လိမ့်မည်။ 35ထို့ကြောင့် သင်တို့​၌​ရှိသော​အလင်း​သည် အမှောင်​မဖြစ်​စေရန် သတိပြုကြလော့။ 36အကယ်၍ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တွင် မည်သည့်​အစိတ်အပိုင်း​မျှ မှောင်ရိပ်​မရှိဘဲ တောက်ပနေ​လျှင် မီးအိမ်​၏​အလင်းရောင်​သည် သင်တို့​အပေါ်​၌ ထွန်းလင်း​သကဲ့သို့ သင်တို့​ကိုယ်ခန္ဓာ​သည်လည်း ထွန်းလင်း​လိမ့်မည်” ဟု မိန့်တော်မူ၏။
ဘာသာရေး​ခေါင်းဆောင်များ​ကို ပြစ်တင်ရှုတ်ချတော်မူခြင်း
37ထိုသို့​ဟောပြောတော်မူ​စဉ် ဖာရိရှဲ#11:37 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​တစ်ဦး​သည် ကိုယ်တော်​အား ညစာ​သုံးဆောင်​ရန် ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​သူ​၏​အိမ်​သို့ ကြွ​တော်မူ​၍ ညစာ​စားပွဲ​၌ ထိုင်တော်မူ၏။#11:37 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ တစ်စုံတစ်ခု​အပေါ်၊ သို့မဟုတ် အခြား​တစ်ဦး​အပေါ် အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ 38သို့သော် အစာ​မသုံးဆောင်​မီ ကိုယ်တော်​သည် ဂျူးဓလေ့ထုံးတမ်း​အရ လိုက်နာရသော​လက်ဆေးခြင်း​အစဉ်အလာ ပြုတော်မမူသည်​ကို ထို​ဖာရိရှဲ​သည် မြင်​၍ အံ့သြလေ၏။ 39ထိုအခါ ယေရှု​က “ဖာရိရှဲတို့… သင်တို့​သည် ခွက်​နှင့်​ပန်းကန်​၏​အပြင်ဘက်​ကို ဆေးကြောကြ​သော်လည်း အတွင်း​၌​မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်း​နှင့် ပြည့်ကြ၏။ 40လူမိုက်တို့… အပြင်ပန်း​သဏ္ဌာန်​ကို ဖန်ဆင်းတော်မူသော​ဘုရား​သည် အတွင်း​သဏ္ဌာန်​ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။ 41ထို့ကြောင့် အတွင်း​၌ ရှိသော​အရာများ​ကို ဆင်းရဲနွမ်းပါးသူ​အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး​သည် သင်တို့​အတွက် စင်ကြယ်​လိမ့်မည်။
42ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဟင်းခတ်ရွက်တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း တရားမျှတခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း စသည့်​အမှုတို့​ကို လျစ်လျူရှုကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။
43ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝတ်ပြုဆောင်များ​၌ အထူး​နေရာ​တွင် ထိုင်​လိုကြပြီး ဈေးအရပ်တို့​၌လည်း လူတို့​၏ ရိုသေ​စွာ​နှုတ်ဆက်ခြင်း​ကို ခံလိုကြ​သောကြောင့်​ဖြစ်၏။ 44သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အမှတ်အသား​မရှိသည့် သင်္ချိုင်း​နှင့် တူကြ၏။ ၎င်း​အပေါ်​တွင် လူတို့​သည် သတိမပြုမိဘဲ လျှောက်သွားတတ်​ကြ၏” ဟု မိန့်တော်မူ၏။
45ကျမ်းတတ်​ပညာရှင်​တစ်ဦး​က “ဆရာတော်… ဤ​အရာများ​ကို ဆရာ​ဟောပြော​သောအခါ ကျွန်ုပ်တို့​ကိုပင် စော်ကားရာ​ရောက်ပါ၏” ဟု လျှောက်လေ၏။
46ယေရှု​က “ကျမ်းတတ်​ပညာရှင်​တို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထမ်းရခက်သော​ဝန်ထုပ်များ​ကို လူတို့​အား ထမ်းစေကြ​သော်လည်း ကိုယ်တိုင်​ကမူ ထို​အရာတို့​ကို လက်ဖျား​နှင့်မျှ မတို့ကြ​သောကြောင့်​ဖြစ်၏။ 47သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် သင်တို့​ဘိုးဘေးများ​သတ်ခဲ့သော ပရောဖက်တို့​အတွက် သင်္ချိုင်းဂူများ​ကို ဆောက်လုပ်ပေးကြ​သောကြောင့်​ဖြစ်၏။ 48သို့ဖြစ်၍ သင်တို့​သည် သင်တို့​၏​ဘိုးဘေးများ​ပြုသော​အမှုများ​ကို သဘောတူ​ထောက်ခံ​၍ ထို​အမှုတို့​၏​သက်သေများ​လည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​ဘိုးဘေးများ​သည် ပရောဖက်များ​ကို သတ်​၍ သင်တို့​က အုတ်ဂူများ​တည်ကြ​သောကြောင့်​ဖြစ်၏။ 49သို့ဖြစ်၍ ဉာဏ်ပညာတော်​နှင့် ပြည့်စုံသော​ဘုရားသခင် ဟောတော်မူသည်​မှာ ‘ငါ​သည် ပရောဖက်များ​နှင့် တမန်တော်များ​ကို သူတို့​ထံသို့ စေလွှတ်မည်။ သို့သော် သူတို့​သည် တချို့​ကို သတ်​၍ တချို့​ကို ညှဉ်းဆဲကြ​လိမ့်မည်’ ဟူ၍ ဖြစ်၏။
50-51အာဗေလ​၏​သွေး​မှစ၍ ယဇ်ပလ္လင်​နှင့် ဗိမာန်တော်​ကြား​၌ အသတ်ခံခဲ့ရသည့် ဇာခရိ​၏​သွေး​တိုင်အောင် ကမ္ဘာ​တည်ချိန်​မှစ​၍ ပရောဖက်​ရှိသမျှတို့ ပေးဆပ်ခဲ့ရသော​သွေးကြွေး​ကို ဤ​မျိုးဆက်တို့​သည် ပေးဆပ်ရ​လိမ့်မည်။ မှန်ပါ၏။ ဤ​မျိုးဆက်တို့​သည် ထို​သွေးကြွေး​ကို ပြန်လည်​ပေးဆပ်ရ​လိမ့်မည်​ဟု ငါ​ပြောဆို၏။
52ကျမ်းတတ်​ပညာရှင်တို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အသိပညာ​ဖွင့်သော​သော့​ကို ယူထား​၍ ကိုယ်တိုင်​မဝင်သည့်​အပြင် ဝင်လိုသော​သူများ​ကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
53ယေရှု​သည် အပြင်​သို့ ထွက်တော်မူ​စဉ် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​သည် ယေရှု​ကို အလွန်​ရန်လိုမုန်းတီး​သဖြင့် အကြောင်းအရာ​များစွာ​နှင့်​ပတ်သက်​၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလာကြ၏။ 54ကိုယ်တော်​၏​ဟောပြောတော်မူချက်များ​တွင်လည်း အမှား​တစ်စုံတစ်ခု​ကို ရှာ​လျက်​နေကြ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 11: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ