လုကာ 3
3
သခင်ဘုရား၏လမ်းတော်ကို နှစ်ခြင်းဆရာယောဟန် ပြင်ဆင်ခြင်း
1ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။ 2အန္နနှင့် ကယာဖတို့သည်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်နေသောအချိန်တွင် ဘုရားသခင်၏စကားတော်သည် တောကန္တာရတွင် နေထိုင်သောဇာခရိ၏သား ယောဟန်ထံသို့ ရောက်လာ၏။ 3ယောဟန်သည်လည်း ဂျော်ဒန်မြစ်ပတ်ဝန်းကျင် တစ်လျှောက်လုံးသို့သွားပြီးလျှင် အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။ 4ပရောဖက်ဟေရှာယ၏ကျမ်းတွင် ဟောထားသည်နှင့်အညီ
“တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေ၏။ ထိုသူ၏အသံမှာ
‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။
ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့။
5ချိုင့်ဝှမ်းများ ရှိသမျှတို့သည် ညီညာချောမွေ့ရလိမ့်မည်။
တောင်ကုန်းတောင်တန်းများသည် ညီညာပြန့်ပြူး သွားရလိမ့်မည်။
ကောက်သောလမ်းများသည် ဖြောင့်တန်းသွားရလိမ့်မည်။
ကြမ်းတမ်းသောလမ်းများသည်လည်း ချောမွေ့ပြေပြစ်လာရလိမ့်မည်။
6ထိုအခါ လူအပေါင်းတို့သည်
ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ကြရလိမ့်မည်’#3:6 ဟေရှာ ၄၀:၃-၅။ ဟူ၍ ဖြစ်၏”
ဟု ရေးသားထား၏။
7နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်ရှိလာသောပရိသတ်တို့အား ယောဟန်ဟောပြောသောစကားများမှာ “အို မြွေဆိုးအမျိုးတို့#3:7 လူတို့သည် ဖောက်ပြန်၍ လှည့်စားတတ်သောမြွေဆိုးများကဲ့သို့ ဖြစ်သောကြောင့် ယောဟန်သည် လူတို့အား “မြွေဆိုးအမျိုးတို့” ဟု ပြစ်တင်ခေါ်ဆိုခြင်းဖြစ်သည်။… ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ထွက်ပြေးရန် သင်တို့အား မည်သူက သတိပေးခဲ့သနည်း။ 8အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။ 9သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီဖြစ်၏။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်” ဟူ၍ ဖြစ်၏။
10ပရိသတ်အားလုံးက “ကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း” ဟု မေးကြ၏။
11ထိုအခါ ယောဟန်က “အင်္ကျီနှစ်ထည်ရှိလျှင် မရှိသောသူအား တစ်ထည်ကို ဝေမျှစေ။ စားသောက်စရာရှိသောသူသည်လည်း ထိုနည်းတူ ဝေမျှစေ” ဟု ပြန်၍ ဖြေလေ၏။
12အခွန်ကောက်သူတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာ၍ “ဆရာ… ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည်နည်း” ဟု မေးကြ၏။
13ယောဟန်က “သင်တို့သည် ရောမအစိုးရမင်း သတ်မှတ်ပေးသောနှုန်းထက် ပို၍ မကောက်ခံကြနှင့်” ဟု ဖြေဆို၏။
14ရောမစစ်သားများကလည်း “ကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်က “မည်သူ့ထံမျှ ငွေကို ခြိမ်းခြောက်၍ မတောင်းယူနှင့်။ သူတစ်ပါးကို မတရားမစွပ်စွဲနှင့်။ မိမိရသောလစာနှင့် ရောင့်ရဲကြလော့” ဟု ဆို၏။
15လူတို့သည် ခရစ်တော်#3:15 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ အမြန်ကြွလာမည်ဟု စောင့်မျှော်နေကြသဖြင့် ယောဟန်သည် ခရစ်တော်ပင်ဖြစ်လေသလောဟု စိတ်ထဲ၌တွေးတောနေကြ၏။ 16ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။ 17ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကိုကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု လူအပေါင်းတို့အား ပြန်ပြော၏။ 18ယောဟန်သည် အခြားသောနှိုးဆော်ချက်များဖြင့် သတင်းကောင်းကို လူတို့အား ဟောပြောလေ၏။
19ထို့နောက် နယ်စားဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိကို သိမ်းယူသောကြောင့်လည်းကောင်း၊ အခြားမကောင်းမှုအပြစ်အမျိုးမျိုးကို ကျူးလွန်သောကြောင့်လည်းကောင်း ယောဟန်သည် ဟေရုဒ်၏အပြစ်ကို ဖော်ပြဆုံးမလေ၏။ 20ထိုအခါ ဟေရုဒ်သည် ယောဟန်ကို ထောင်ချသဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ထပ်ဆင့်အပြစ်တိုးလာလေ၏။
ယေရှုနှစ်ခြင်းမင်္ဂလာခံယူတော်မူခြင်း
21တစ်နေ့၌ လူအပေါင်းတို့သည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ယေရှုသည်လည်း နှစ်ခြင်းမင်္ဂလာကိုခံယူတော်မူ၏။ ထို့နောက် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်၍ 22သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏”#3:22 ဟေရှာ ၄၂:၁။ ဟူသော အသံတော်ထွက်ပေါ်လာ၏။
ယေရှု၏ဆွေစဉ်မျိုးဆက်
23ယေရှုသည် အမှုတော်လုပ်ငန်းကို စတင်သောအချိန်တွင် အသက်တော်သုံးဆယ်ခန့်ရှိ၏။ လူတို့၏ထင်မြင်ချက်အရ
ယေရှုသည် ယောသပ်၏သား ဖြစ်၏။
ယောသပ်သည် ဧလိ၏သား၊
24ဧလိသည် မဿတ်၏သား၊
မဿတ်သည် လေဝိ၏သား၊
လေဝိသည် မေလခိ၏သား၊
မေလခိသည် ယန္န၏သား၊
ယန္နသည် ယောသပ်၏သား၊
25ယောသပ်သည် မတ္တသိ၏သား၊
မတ္တသိသည် အာမုတ်၏သား၊
အာမုတ်သည် နာဟုံ၏သား၊
နာဟုံသည် ဧသလိ၏သား၊
ဧသလိသည် နဂ္ဂဲ၏သား၊
26နဂ္ဂဲသည် မာအတ်၏သား၊
မာအတ်သည် မတ္တသိ၏သား၊
မတ္တသိသည် ရှေမိ၏သား၊
ရှေမိသည် ယောသပ်၏သား၊
ယောသပ်သည် ယုဒ၏သား၊
27ယုဒသည် ယောဟန္န၏သား၊
ယောဟန္နသည် ရေသ၏သား၊
ရေသသည် ဇေရုဗဗေလ၏သား၊
ဇေရုဗဗေလသည် ရှာလသေလ၏သား၊
ရှာလသေလသည် နေရိ၏သား၊
28နေရိသည် မေလခိ၏သား၊
မေလခိသည် အဒ္ဒိ၏သား၊
အဒ္ဒိသည် ကောသံ၏သား၊
ကောသံသည် ဧလမောဒံ၏သား၊
ဧလမောဒံသည် ဧရ၏သား၊
29ဧရသည် ယောသေ၏သား၊
ယောသေသည် ဧလျေဇာ၏သား၊
ဧလျေဇာသည် ယောရိမ်၏သား၊
ယောရိမ်သည် မဿတ်၏သား၊
မဿတ်သည် လေဝိ၏သား၊
30လေဝိသည် ရှိမောင်၏သား၊
ရှိမောင်သည် ယုဒ၏သား၊
ယုဒသည် ယောသပ်၏သား၊
ယောသပ်သည် ယောနန်၏သား၊
ယောနန်သည် ဧလျာကိမ်၏သား၊
31ဧလျာကိမ်သည် မေလေ၏သား၊
မေလေသည် မဲနန်၏သား၊
မဲနန်သည် မတ္တသ၏သား၊
မတ္တသသည် နာသန်၏သား၊
နာသန်သည် ဒါဝိဒ်၏သား၊
32ဒါဝိဒ်သည် ယေရှဲ၏သား၊
ယေရှဲသည် သြဗက်၏သား၊
သြဗက်သည် ဗောဇ၏သား၊
ဗောဇသည် စာလမုန်၏သား၊
စာလမုန်သည် နာရှုန်၏သား၊
33နာရှုန်သည် အမိနဒပ်၏သား၊
အမိနဒပ်သည် အဒ်မိန်၏သား၊
အဒ်မိန်သည် အာရံ၏သား၊
အာရံသည် ဟေဇရုံ၏သား၊
ဟေဇရုံသည် ဖာရက်၏သား၊
ဖာရက်သည် ယုဒ၏သား၊
34ယုဒသည် ယာကုပ်၏သား၊
ယာကုပ်သည် ဣဇာက်၏သား၊
ဣဇာက်သည် အာဗြဟံ၏သား၊
အာဗြဟံသည် တေရ၏သား၊
တေရသည် နာခေါ်၏သား၊
35နာခေါ်သည် စေရောက်၏သား၊
စေရောက်သည် ရာဂေါ၏သား၊
ရာဂေါသည် ဖာလက်၏သား၊
ဖာလက်သည် ဟေဗာ၏သား၊
ဟေဗာသည် ရှာလ၏သား၊
36ရှာလသည် ကာဣနန်၏သား၊
ကာဣနန်သည် အာဖာဇဒ်၏သား၊
အာဖာဇဒ်သည် ရှေမ၏သား၊
ရှေမသည် နောဧ၏သား၊
နောဧသည် လာမက်၏သား၊
37လာမက်သည် မသုရှလ၏သား၊
မသုရှလသည် ဧနောက်၏သား၊
ဧနောက်သည် ယာရက်၏သား၊
ယာရက်သည် မဟာလေလေလ၏သား၊
မဟာလေလေလသည် ကာဣနန်၏သား၊
38ကာဣနန်သည် ဧနုတ်၏သား၊
ဧနုတ်သည် ရှေသ၏သား၊
ရှေသသည် အာဒံ၏သား၊
အာဒံသည် ဘုရားသခင်၏သားဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
လုကာ 3: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.