လုကာ 4
4
ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူခြင်း
1ထို့နောက် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဂျော်ဒန်မြစ်မှ ပြန်လာသောအခါ ဝိညာဉ်တော်ဦးဆောင်သည့်အတိုင်း တောကန္တာရသို့ ကြွတော်မူ၏။ 2ထိုနေရာ၌ ယေရှုသည် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကို ရက်ပေါင်းလေးဆယ် ခံတော်မူ၍ မည်သည့်အစားအစာကိုမျှ မစားဘဲနေတော်မူ၏။ ထိုနေ့ရက်များ ကုန်ဆုံးသောအခါ ယေရှုသည် အလွန်ဆာလောင်တော်မူ၏။
3ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
4ယေရှုကလည်း “ကျမ်းစာ၌ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည်မဟုတ်’#4:4 တရား ၈:၃။#4:4 မူရင်းဂရိကျမ်း၌ “မုန့်အားဖြင့်သာ အသက်ရှင်ရမည် မဟုတ်” ဟု ဖော်ပြထားသည်။ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
5ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို မြင့်မားသောအရပ်သို့ ခေါ်ဆောင်သွား၍ ကမ္ဘာလောကရှိတိုင်းနိုင်ငံအားလုံးကို တစ်ခဏချင်းတွင် ညွှန်ပြပြီးလျှင် 6“ဤအခွင့်အာဏာနှင့် ထိုဘုန်းစည်းစိမ် ရှိသမျှတို့ကို သင့်အား ငါပေးမည်။ အဘယ်ကြောင့်ဆိုသော် ဤအရာတို့ကို ငါ၏လက်ထဲတွင် အပ်နှင်းထားပြီးဖြစ်သောကြောင့် ငါပေးလိုသောသူအား ငါပေးနိုင်၏။ 7ထို့ကြောင့် သင်သည် ငါ့ကို ကိုးကွယ်လျှင် ဤအရာရှိသမျှကို သင့်အား ငါပေးမည်” ဟု လျှောက်လေ၏။
8ယေရှုကလည်း “ကျမ်းစာ၌
‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။
ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’#4:8 တရား ၆:၁၃။ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
9ထိုမှတစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်၌ ရပ်စေတော်မူပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ ခုန်ချလော့။ 10အဘယ်ကြောင့်ဆိုသော် ကျမ်းစာတွင် ရေးသားထားသည်မှာ
‘ဘုရားသခင်သည် ကောင်းကင်တမန်များအား သင့်ကိုစောင့်ရှောက်ရန် မှာထားတော်မူလိမ့်မည်။
11သင်၏ခြေကို ကျောက်နှင့် မထိခိုက်စေရန်
သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’#4:11 ဆာ ၉၁:၁၁-၁၂။
ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
12ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားအား အကဲမစမ်းရ’#4:12 တရား ၆:၁၆။ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
13မာရ်နတ်သည် မိမိ၏ဖြားယောင်းသွေးဆောင်ခြင်းအားလုံး ပြီးဆုံးသောအခါ ယေရှုထံမှထွက်ခွာ၍ နောက်ထပ်အခွင့်အခါကောင်းကို စောင့်လျက်နေ၏။
နာဇရက်မြို့၌ ငြင်းပယ်ခံတော်မူရခြင်း
14ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။ 15ထိုသူတို့၏ဝတ်ပြုဆောင်များတွင် သွန်သင်သောအခါ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
16ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။ 17ပရောဖက်ဟေရှာယ၏ကျမ်းစာလိပ်ကို ယေရှုအားပေးသဖြင့် ဖွင့်ရာတွင် ကျမ်းစာ၌ရေးထားသည်မှာ
18“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။
ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့်
မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊
ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
19ထာဝရဘုရား မျက်နှာသာပေးမည့် နှစ်ကာလရောက်သည့်အကြောင်းကို ဟောပြောရန်လည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ”#4:19 ဟေရှာ ၆၁:၁-၂။
ဟူ၍ ဖြစ်၏။
20ထို့နောက် ယေရှုသည်ကျမ်းစာလိပ်ကို ပြန်လိပ်ပြီးမှ အစောင့်တာဝန်ခံအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်၌ရှိသော လူအပေါင်းတို့သည် ယေရှုကိုစိုက်ကြည့်နေကြ၏။ 21ထိုအခါ ယေရှုက “ဤကျမ်းစာ၌ ပါသောအချက်များသည် သင်တို့ကြားရသည့်အတိုင်း ယနေ့ပြည့်စုံပြီ” ဟု မိန့်တော်မူ၏။
22လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
23ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။ 24ထို့ကြောင့် သင်တို့အား ငါအမှန်ဆို၏။ မည်သည့်ပရောဖက်မျှ မိမိနေရပ်မြို့တွင် မျက်နှာမရတတ်။
25ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။ 26သို့သော်လည်း ဘုရားသခင်သည် ဧလိယကို မည်သူ့ထံသို့မျှမစေလွှတ်ဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့ရှိ မုဆိုးမထံသို့သာလျှင် စေလွှတ်တော်မူ၏။ 27ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည်များစွာ ရှိကြ၏။ ထိုသူတို့ထဲမှ မည်သူမျှ စင်ကြယ်ခွင့်မရဘဲ ဆီးရီးယားပြည်သားနေမန် တစ်ဦးတည်းသာ စင်ကြယ်ခွင့်ရ၏” ဟု မိန့်တော်မူ၏။
28ဝတ်ပြုဆောင်၌ရှိသော တရားနာပရိသတ်အားလုံးသည် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်ကြ၏။ 29သူတို့သည် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ပြီး တောင်ပေါ်မှ တွန်းချရန် မြို့တည်ရာ တောင်ကမ်းပါးအစွန်းအထိ ခေါ်ဆောင်သွားကြ၏။ 30သို့ရာတွင် ကိုယ်တော်သည် လူအုပ်ကြားထဲမှ တိုး၍ ထွက်ကြွတော်မူ၏။
နတ်ဆိုးကို နှင်ထုတ်တော်မူခြင်း
31ထို့နောက် ယေရှုသည် ဂါလိလဲပြည်၊ ကပေရနောင်မြို့သို့ ကြွတော်မူ၍ ဥပုသ်နေ့တိုင်း တရားနာပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။ 32ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသောကြောင့် ထိုသူတို့က သူ၏သွန်သင်ချက်ကို အံ့သြကြ၏။
33-34ထိုအချိန်တွင် ဝတ်ပြုဆောင်၌ နတ်ဆိုးပူးသောလူတစ်ဦးရှိ၏။ ထိုသူက “နာဇရက်မြို့သားယေရှု… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုလေ၏။
35ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူအများရှေ့တွင် လှဲချပြီးလျှင် ထိခိုက်ဒဏ်ရာမဖြစ်စေဘဲ ထိုသူအထဲမှ ထွက်သွား၏။
36လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။ 37ထို့နောက် ယေရှု၏သတင်းတော်သည် ပတ်ဝန်းကျင်အရပ်ရပ်သို့ ပျံ့နှံ့သွားလေ၏။
လူများစွာကို ကျန်းမာစေတော်မူခြင်း
38ယေရှုသည် ဝတ်ပြုဆောင်မှ ထွက်ခွာ၍ ရှိမုန်၏အိမ်သို့ ကြွလေ၏။ ရှိမုန်၏ယောက္ခမသည် အပြင်းဖျားလျက်ရှိသောကြောင့် ကုသပေးရန် လူတို့က ကိုယ်တော်အား လျှောက်ကြ၏။ 39ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အိပ်ရာဘေး၌ ရပ်၍ “အဖျားပျောက်စေ”#4:39 မူရင်းဂရိကျမ်း၌ “ဖျားနာခြင်းကို ဆုံးမတော်မူလျှင်” ဟု ဖော်ပြထားသည်။ ဟု အမိန့်ပေးတော်မူ၏။ အမျိုးသမီးသည် အဖျားပျောက်သဖြင့် အိပ်ရာမှချက်ချင်းထ၍ သူတို့အား ဧည့်ခံလေ၏။
40နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။ 41နတ်ဆိုးတို့ကလည်း “အရှင်သည် ဘုရားသခင်၏သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်လျက် လူများစွာထံမှ ထွက်သွားကြ၏။ ယေရှုသည် ခရစ်တော်#4:41 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်ကြောင်းကို ထိုနတ်ဆိုးတို့သိမြင်ကြသဖြင့် ယေရှုသည် သူတို့ကိုဆုံးမ၍ စကားပြောခွင့် ပေးတော်မမူပေ။
ဂါလိလဲပြည်၌ ဟောပြောသွန်သင်တော်မူခြင်း
42နောက်တစ်နေ့ နံနက်တွင် ကိုယ်တော်သည် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူအုပ်ကြီးသည် ကိုယ်တော်ကို ရှာ၍ တွေ့ကြသောအခါ မိမိတို့ထံမှ ထွက်ခွာမသွားရန် တားဆီးကြလေ၏။ 43သို့ရာတွင် ကိုယ်တော်က “ငါသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို အခြားမြို့များ၌လည်း ဟောပြောရမည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဤအတွက် စေလွှတ်ခြင်းခံရသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။ 44သို့ဖြစ်၍ ကိုယ်တော်သည် ယုဒပြည်၌ရှိသော ဝတ်ပြုဆောင်များသို့ လှည့်လည်၍ ဆက်လက်ဟောပြောတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
လုကာ 4: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.