YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 5

5
ပထမဦးဆုံးသော​တပည့်တော်များ
1တစ်နေ့​၌ ယေရှု​သည် ဂင်နေသရက်အိုင်​နား​တွင် ရပ်တော်မူ​စဉ် လူထုပရိသတ်​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ကြားနာ​ရန် ကိုယ်တော်​ထံသို့ တိုးဝှေ့လာကြ၏။ 2ကိုယ်တော်​သည် ကမ်းစပ်​၌ ဆိုက်ထားသော​လှေ​နှစ်စင်း​ကို မြင်တော်မူ၏။ တံငါသည်တို့​သည် ထို​လှေများ​ပေါ်မှ ဆင်း​ပြီး မိမိတို့​၏​ပိုက်ကွန်များ​ကို ဆေးကြောနေကြ၏။ 3ကိုယ်တော်​သည် ထို​လှေ​နှစ်စင်း​ထဲမှ ရှိမုန်​၏​လှေ​ပေါ်သို့ တက်​၍ ရှိမုန်​အား လှေ​ကို ကမ်း​နှင့် အနည်းငယ်​ခွာပေး​ရန် မိန့်တော်မူ၏။ ထို့နောက် လှေ​ထဲတွင် ထိုင်​လျက် လူထု​ပရိသတ်တို့​ကို ဟောပြော​သွန်သင်တော်မူ၏။
4တရားဟောပြီး​သောအခါ ရှိမုန်​အား “ရေနက်သည့် နေရာ​သို့ ရွှေ့လော့။ သင်တို့​၏​ပိုက်ကွန်များ​ကို ချ​၍ ငါး​ဖမ်းကြလော့” ဟု မိန့်တော်မူ၏။
5ရှိမုန်​ကလည်း “ဆရာ… ကျွန်ုပ်တို့​သည် တစ်ညတာ​လုံး ကြိုးစား​ဖမ်းကြ​သော်လည်း ငါး​တစ်ကောင်​ကိုမျှ မမိပါ။ သို့သော်လည်း ဆရာ​ခိုင်း​သောကြောင့် ကျွန်ုပ် ပိုက်ကွန်များ​ကို ချပါမည်” ဟု လျှောက်လေ၏။ 6သူတို့​သည် ပိုက်ကွန်များ​ကို ချပြီး​သောအခါ ငါး​များစွာ​ကို ဖမ်းမိ​သဖြင့် ပိုက်ကွန်များ​ပင် စုတ်ပြဲစပြုလာ၏။ 7ထို့ကြောင့် သူတို့​သည် အခြား​လှေ​မှ အဖော်​တံငါသည်များ​ကို အချက်ပြ​၍ အကူအညီ​တောင်းကြ၏။ ထို​သူတို့​သည်​လာ​၍ လှေ​နှစ်စင်းလုံး​တွင် ငါးများ​ပြည့်အောင်​ထည့်ကြ​သဖြင့် လှေတို့​သည် နစ်မြုပ်​လုမတတ် ဖြစ်၏။
8ထို​အဖြစ်အပျက်​ကို မြင်​သောအခါ ရှိမုန်​ပေတရု​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဒူးထောက်​ပြီးလျှင် “သခင်… အကျွန်ုပ်​သည် အပြစ်များသော​သူ​ဖြစ်​သောကြောင့် အကျွန်ုပ်​ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။ 9ဤသို့​လျှောက်ရသည်​မှာ ဖမ်းမိသော​ငါးများ​သည် အလွန်များပြား​၍ ရှိမုန်​နှင့် အခြား​တံငါသည်များ​အားလုံး​က အံဩကြ​သောကြောင့် ဖြစ်၏။
10ရှိမုန်​နှင့်​လုပ်ဖော်ကိုင်ဖက်​ဖြစ်သည့် ဇေဗေဒဲ​၏​သား​နှစ်ဦး ယာကုပ်​နှင့် ယောဟန်​တို့​သည်လည်း အံ့ဩကြ၏။ ယေရှု​က “မကြောက်နှင့်။ ယခု​မှစ၍ သင်​သည် လူများ​ကို​ဖမ်းသော​တံငါ ဖြစ်​လိမ့်မည်” ဟု ရှိမုန်​အား မိန့်တော်မူ၏။ 11ထိုအခါ သူတို့​သည် လှေများ​ကို ကမ်းခြေ​တွင် ဆိုက်ကပ်​ပြီးလျှင် ရှိသမျှ​ကို ထားခဲ့​၍ ယေရှု​နောက်သို့ လိုက်ကြ၏။
အနာကြီးရောဂါသည်​တစ်ဦး​အား ကျန်းမာစေတော်မူခြင်း
12ယေရှု​သည် မြို့​တစ်မြို့​၌ ရှိနေတော်မူ၏။ ထို​မြို့​၌ တစ်ကိုယ်လုံး အနာကြီးရောဂါ​ပြင်းထန်​စွာ ခံစားနေရသော​သူ​တစ်ဦး​ရှိ၏။ သူ​သည် ယေရှု​ကို​မြင်​သောအခါ ဝပ်တွားခယ​လျက် “သခင်… သခင်​အလိုတော်​ရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။
13ယေရှု​သည် လက်​ကို ဆန့်​၍ ထို​သူ​ကို တို့​ပြီးလျှင် “ငါ​အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို​ခဏ​အတွင်း​၌ ထို​သူ​၏​ရောဂါ​သည်လည်း ပျောက်ကင်းလေ၏။ 14ထို့နောက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် ထို​သူ​အား တားမြစ်တော်မူ​လျက် “ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ ပျောက်ကင်း​စင်ကြယ်ကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။ 15သို့သော်လည်း ကိုယ်တော်​၏​သတင်းတော်​သည် ပို၍​ပျံ့နှံ့သွား​သဖြင့် လူအုပ်ကြီး​သည် ကိုယ်တော်​၏​တရားတော်​ကို ကြားနာရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် စုဝေးလာကြ၏။ 16ယေရှု​သည် တောကန္တာရ​သို့ သွား​၍ ဆုတောင်းတော်မူ​လေ့ရှိ၏။
လေဖြတ်သူ​တစ်ဦး​အား ကျန်းမာစေတော်မူခြင်း
17တစ်နေ့​၌ ယေရှု​သည်​ဟောပြော​သွန်သင်​လျက်​ရှိနေ​စဉ် ဂါလိလဲပြည်​နှင့် ယုဒပြည်​ရှိ ကျေးရွာ​အသီးသီး​မှ​လည်းကောင်း၊ ဂျေရုဆလင်မြို့​မှ​လည်းကောင်း ရောက်လာကြသော​ဖာရိရှဲများ#5:17 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​နှင့် ကျမ်းတတ်ဆရာများတို့​သည် ထိုင်နေကြ၏။ အနာရောဂါ​ပျောက်ကင်း​စေနိုင်သော ဘုရားသခင်​၏​တန်ခိုး​သည်လည်း ယေရှု​၌ ရှိနေ၏။
18ထိုအခါ လူ​တချို့​သည် လေဖြတ်သူ​တစ်ဦး​ကို ထမ်းစင်​ဖြင့် ထမ်း​၍ ခေါ်ဆောင်လာကြ၏။ သူတို့​သည် ထို​သူ​ကို အထဲ​သို့ သယ်ဆောင်​၍ ကိုယ်တော့်​ရှေ့​၌ ချထား​ရန် ကြိုးစားကြ၏။ 19သို့သော်လည်း လူထု​ပရိသတ်​ရှိနေ​သဖြင့် အထဲ​သို့ သယ်ဆောင်မည့်​လမ်း​ကို မတွေ့ကြပေ။ ထို့ကြောင့် အိမ်အမိုး​ပေါ်သို့​တက်​ပြီးလျှင် အုတ်ကြွပ်များ​ကို​ခွာ​၍ လူနာ​ကို ထမ်းစင်​နှင့်တကွ လူထုပရိသတ်​အလယ် ယေရှု​ရှေ့တော်​သို့ ကြိုး​ဖြင့် လျှောချကြ၏။ 20ယေရှု​သည် ထို​သူတို့​၏​ယုံကြည်ခြင်း​ကို မြင်​သောအခါ လေဖြတ်သူ​အား “မိတ်ဆွေ#5:20 မူရင်း​ဂရိကျမ်း​တွင် “အချင်းလူ” ဟု ပါရှိသည်။… သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
21ထိုအခါ ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများ​က “ဘုရားသခင်​ကို စော်ကား​ပြောဆိုသော ဤ​သူ​သည် မည်သူနည်း။ ဘုရားသခင်​မှလွဲ၍ မည်သူ​သည် အပြစ်​ကို ခွင့်လွှတ်​နိုင်ပါမည်နည်း” ဟု စိတ်​ထဲ၌ တွေးတောနေကြ၏။
22ယေရှု​သည် ထို​သူတို့ မည်သို့​တွေးတောနေကြသည်​ကို သိတော်မူ​သဖြင့် “သင်တို့​စိတ်​ထဲ၌ အဘယ်ကြောင့် ဤသို့​တွေးတော​နေကြသနည်း။ 23‘သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ​၍ လမ်းလျှောက်လော့’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ 24သို့သော် လူသား#5:24 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ဤ​လောက​တွင် အပြစ်​လွှတ်ပိုင်သော​အခွင့်အာဏာ​ရှိသည်​ကို သင်တို့​အား ငါ​သက်သေပြမည်” ဟု ဆို​ကာ လေဖြတ်သူ​အား “သင့်​အား ငါ​ဆို၏။ ထလော့။ သင့်​ထမ်းစင်​ကို​ယူ​၍ အိမ်​သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
25ထိုအခါ ထို​သူ​သည် လူ​အများ​ရှေ့​တွင် ချက်ချင်း​ထပြီး​မှ ထမ်းစင်​ကို ယူ​၍ ဘုရားသခင်​ကို​ချီးမွမ်း​လျက် အိမ်​သို့ ပြန်လေ၏။ 26လူထု​ပရိသတ်တို့​သည် အလွန်​အံ့သြ ကြောက်ရွံ့​၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လျက် “ငါတို့​သည် ယနေ့​ထူးဆန်း​အံ့ဖွယ်သော​အရာများ​ကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။
လေဝိ​ကို ခေါ်ယူတော်မူခြင်း
27ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ကြွ​သောအခါ လေဝိ​အမည်​ရှိ အခွန်​ကောက်သူ​တစ်ဦး​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ်​ခံယူလော့” ဟု မိန့်တော်မူ၏။ 28လေဝိ​သည် ရှိသမျှ​ကို​ထားခဲ့​ပြီးလျှင် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။
29ထို့နောက် လေဝိ​သည် မိမိ​၏​အိမ်​၌ ယေရှု​အတွက်​ဧည့်ခံပွဲကြီး​တစ်ခု ကျင်းပပေးလေ၏။ သူ​၏​အပေါင်းအသင်းများ​ဖြစ်သော အခွန်​ကောက်သူ​များစွာ​နှင့် အခြားသူများ​လည်း အတူ​ထိုင်​၍ စားသောက်ကြ၏။#5:29 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ​စဉ်” ဟူ၍ တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ တစ်စုံတစ်ခု​အပေါ် သို့မဟုတ် အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ 30သို့သော် ဖာရိရှဲများ​နှင့် သူတို့​ထဲမှ ကျမ်းတတ်ဆရာများ​က “သင်တို့​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့​အား ဝေဖန်​ပြစ်တင်ကြ၏။
31ယေရှု​က “ကျန်းမာသော​သူတို့​သည် ဆရာဝန်​ကို​မလိုအပ်ပါ။ ဖျားနာသော​သူတို့​သာလျှင် လိုအပ်ကြ၏။ 32ငါ​သည် ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
အစာရှောင်ခြင်း​အကြောင်း ဆွေးနွေးခြင်း
33လူ​တချို့​က “နှစ်ခြင်းဆရာ​ယောဟန်​၏​တပည့်များ​နှင့် ဖာရိရှဲတို့​၏​တပည့်များ​သည် မကြာခဏ အစာရှောင်ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​မှာ စားသောက်​လျက်​သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။
34ထိုအခါ ယေရှု​က “သတို့သား​၏​မိတ်ဆွေ​အပေါင်းအသင်းများ​ကို ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် အစာရှောင်စေ​နိုင်မည်လော။ 35သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ ထို​သူတို့​သည် အစာရှောင်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
36ထို့နောက် ယေရှု​သည် သာဓက​တစ်ခု​ကို သုံး​၍ မိန့်တော်မူသည်​မှာ “မည်သူ​မျှ အထည်သစ်​မှ ပိတ်စ​ကို​ဆုတ်ဖြဲ​၍ ပိတ်ထည်ဟောင်း​ကို ဖာလေ့​မရှိ။ ထိုသို့​ပြု​လျှင် အထည်သစ်​သည် ပျက်စီး​၍ ထို​ဖာထေး​ရာတွင် သုံးသည့်​ပိတ်စသစ်​သည်လည်း အထည်ဟောင်း​နှင့် လိုက်ဖက်မည်​မဟုတ်။
37ထို့အတူ မည်သူ​မျှ စပျစ်ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​ထဲသို့ ထည့်လေ့​မရှိကြ။ ထိုသို့​ထည့်​လျှင် စပျစ်ဝိုင်​အသစ်​သည် သားရေဘူး​အဟောင်း​ကို ပေါက်ပြဲစေ​သဖြင့် စပျစ်ဝိုင်​ယိုထွက်​၍ သားရေဘူး​လည်း ပျက်စီး​လိမ့်မည်။ 38စပျစ်ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​တွင်​သာ ထည့်​ရ၏။ 39စပျစ်ဝိုင်​အဟောင်း​ကို သောက်ပြီးသော​သူ​သည်​လည်း စပျစ်ဝိုင်​အသစ်​ကို မသောက်လိုဘဲ ‘စပျစ်ဝိုင်​အဟောင်း​သည် ပို၍​ကောင်း၏’ ဟု ပြော​လိမ့်မည်” ဟူ၍ ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 5: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ