လုကာ 8
8
ယေရှုနောက်တော်သို့လိုက်သော အမျိုးသမီးများ
1ထို့နောက် ယေရှုသည် မြို့ရွာအသီးသီးသို့ ကြွတော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ တပည့်တော်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ 2နတ်ဆိုးပူးခြင်းဘေးနှင့် အနာရောဂါဘေးတို့မှ သက်သာပျောက်ကင်းသွားသော အမျိုးသမီးတချို့သည်လည်း လိုက်ကြ၏။ ထိုအမျိုးသမီးများအနက် နတ်ဆိုးခုနစ်ကောင်ထွက်သွားသော မာဂဒလမြို့သူဟု ခေါ်သည့်မာရိ၊ 3ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
မျိုးစေ့ကြဲသောလယ်သမားပုံဥပမာ
4တရားနာရန် စုဝေးကြသော မြို့ရွာအသီးသီးတို့မှ လူအုပ်ကြီးသည် ယေရှုထံတော်သို့ ရောက်ရှိလာကြသောအခါ ယေရှုက ပုံဥပမာအားဖြင့် မိန့်တော်မူသည်မှာ 5“လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင် ကျသဖြင့် ထိုမျိုးစေ့တို့ကို လူများကျော်နင်း၍ ငှက်များကောက်စားကြ၏။ 6တချို့မှာ ကျောက်ပေါသောမြေတွင် ကျသဖြင့် အပင်ပေါက်သော်လည်း အစိုဓာတ်မရသောကြောင့် ညှိုးနွမ်းသွားကြ၏။ 7တချို့မှာ ဆူးပင်ကြားတွင် ကျသဖြင့် ဆူးပင်တို့သည် အတူကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြ၏။ 8တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ စိုက်ပျိုးသည်ထက် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ ထိုသို့ မိန့်တော်မူပြီးမှ “နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု ကြွေးကြော်တော်မူ၏။
9တပည့်တော်တို့က “ထိုပုံဥပမာ၏အနက်အဓိပ္ပာယ်သည် မည်သို့နည်း” ဟု မေးလျှောက်ကြ၏။ 10ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည်
‘ကြည့်သော်လည်း မမြင်စေရန်
နားထောင်သော်လည်း နားမလည်စေရန်’#8:10 ဟေရှာ ၆:၉။
ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
11ထိုပုံဥပမာ၏အဓိပ္ပာယ်မှာ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ 12လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသောသူကို ဆိုလို၏။ သို့သော်လည်း ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသို့ မရောက်စေရန် မာရ်နတ်သည် လာ၍ သူ၏စိတ်နှလုံးထဲမှ ထိုတရားစကားကို နုတ်ယူလေ၏။ 13ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။ 14ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသော်လည်း သူတို့၏စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် ကြီးထွားခြင်းကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူတို့ကို ဆိုလို၏။ 15ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
ဆီမီးခွက်ပုံဥပမာ
16ဆီမီးခွက်ကို ထွန်း၍ တောင်းဖြင့် ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ဝှက်ထားလေ့မရှိ။ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။ 17ဖုံးကွယ်ထားသမျှတို့သည် ထွက်ပေါ်လာ၍ လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာလိမ့်မည်။
18ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု၏စစ်မှန်သောမိသားစု
19ထို့နောက် ယေရှု၏မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ထံသို့ လာကြ၏။ သို့သော် လူထုပရိသတ်ကြောင့် ကိုယ်တော့်အနားသို့ မရောက်နိုင်ကြ။ 20လူတစ်ဦးက ကိုယ်တော်အား “သခင်၏မယ်တော်နှင့် ညီတော်တို့သည် သခင့်အား တွေ့မြင်လို၍ အပြင်တွင် ရပ်နေကြ၏” ဟု လျှောက်လေ၏။
21ယေရှုက “ဘုရားသခင်၏တရားစကားကို ကြား၍ လိုက်နာဆောင်ရွက်သောသူသည် ငါ့မိခင်၊ ငါ့ညီများဖြစ်သည်” ဟု မိန့်တော်မူ၏။
လေမုန်တိုင်းကို ငြိမ်သက်စေတော်မူခြင်း
22တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လှေပေါ်သို့ တက်၍ ရွက်လွှင့်ကြ၏။ 23ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။
24တပည့်တော်တို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… သခင်… အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်၍လျှောက်ကြ၏။
ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးတို့အား ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။
25ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
နတ်ဆိုးပူးသူတစ်ဦးအား ကျန်းမာစေတော်မူခြင်း
26ထို့နောက် သူတို့သည် ဂါလိလဲအိုင်တစ်ဖက်ကမ်းရှိ ဂါရစ#8:26 “ဂါရစ” အချို့လက်ရေးမူကျမ်းများတွင် “ဂါဒရ၊” အချို့တွင် “ဂါဂရ” ဟု ဖော်ပြထားသည်။ (၈:၃၇)ဒေသသို့ ရောက်ကြ၏။ 27ယေရှုသည် ကမ်းပေါ်သို့ ကြွတော်မူသောအခါ နတ်ဆိုးပူးသောမြို့သားတစ်ဦးသည် ယေရှုနှင့် တွေ့ရန်လာ၏။ ထိုသူသည် နှစ်ပေါင်းများစွာ အိမ်တွင်မနေဘဲ အဝတ်ဗလာနှင့် သင်္ချိုင်းဂူများတွင် နေလေ၏။
28ထိုသူသည် ယေရှုကို မြင်လျှင် ရှေ့တော်၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် “အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။ 29ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။
30ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးတော်မူလျှင် “လေဂေါင်#8:30 “လေဂေါင်” ဆိုသည်မှာ ရှေးခေတ်ရောမတပ်တွင် ပါဝင်သောစစ်သည် အမြောက်အမြား ဖြစ်သည်။ လေဂေါင်တစ်တပ်တွင် စစ်သည်ခြောက်ထောင်ခန့် ပါဝင်သည်။ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုးအများအပြားတို့သည် ထိုသူအထဲ၌ ဝင်ပူးသောကြောင့်ဖြစ်၏။ 31ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။
32ထိုအရပ်၌ တောင်စောင်းပေါ်တွင် ကျက်စားနေသော ဝက်အုပ်တစ်အုပ်ရှိ၏။ နတ်ဆိုးတို့က ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုရန် တောင်းပန်လျှင် ယေရှုသည် ခွင့်ပြုတော်မူ၏။ 33ထိုအခါ နတ်ဆိုးတို့သည် ထိုသူအထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
34ဝက်ကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သည့်အရာများကို မြင်သောအခါ ပြေး၍ မြို့ရွာတို့တွင် ပြောပြကြ၏။ 35ထို့နောက် လူတို့သည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် ထွက်လာကြ၏။ ယေရှုထံသို့ ရောက်သောအခါ နတ်ဆိုးပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်ကို ဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။ 36တွေ့မြင်ခဲ့ကြသောသူအားလုံးက နတ်ဆိုးပူးခံရသူ မည်သို့ကျန်းမာလာသည်ကို ပြောပြကြ၏။ 37ဂါရစပြည်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့ကြသောကြောင့် သူတို့ထံမှ ထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။
ယေရှုသည်လည်း လှေပေါ်သို့ တက်၍ အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူ၏။ 38နတ်ဆိုးပူးခြင်းဘေးမှလွတ်မြောက်သွားသူက ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းပန်လေ၏။ သို့သော် ယေရှုက ထိုသူအား 39“အိမ်သို့ပြန်၍ ဘုရားသခင်သည် သင့်အား မည်မျှအံ့သြဖွယ် ကျေးဇူးပြုကြောင်းကို ပြောလော့” ဟု မိန့်တော်မူ၍ လွှတ်လိုက်တော်မူ၏။ ထို့နောက် ထိုသူသည် မြို့အနှံ့အပြားတွင် ယေရှုက သူ့အားမည်သို့ ပြုတော်မူခဲ့ကြောင်းကို သွား၍ ကြေညာလေ၏။
သွေးသွန်ရောဂါစွဲရာမှ ပျောက်ကင်းသွားသောအမျိုးသမီးနှင့် သေရာမှ ပြန်ရှင်လာသောမိန်းကလေး
40ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။ 41ထိုစဉ် ယာဣရုအမည်ရှိသော ဝတ်ပြုဆောင်မှူးသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်လေ၏။ 42သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။
ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။ 43ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။ 44ထိုအမျိုးသမီးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍ ဝတ်ရုံတော်၏အမြိတ်ကို တို့ထိလိုက်သော် သူ၏သွေးသွန်ရောဂါသည် ချက်ချင်းပျောက်ကင်းလေ၏။
45ထို့နောက် ယေရှုက “ငါ့ကို မည်သူတို့ထိသနည်း” ဟု မေးတော်မူလျှင် လူအပေါင်းတို့သည် ငြင်းဆိုကြ၏။ ပေတရုကလည်း “သခင်… လူအများတို့သည် တိုးဝှေ့၍ ထိမိကြပါပြီ” ဟု လျှောက်ဆို၏။
46သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကို ထိသဖြင့် ငါ့အထဲမှတန်ခိုးထွက်သည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။ 47ထိုအမျိုးသမီးသည် ဤအခြင်းအရာကို မဖုံးကွယ်နိုင်ကြောင်း သိသောအခါ တုန်လှုပ်လျက် ကိုယ်တော်၏ရှေ့သို့ လာ၍ ဝပ်တွားခယလေ၏။ ထို့နောက် အဘယ်ကြောင့် တို့ထိသည်ကိုလည်းကောင်း၊ မည်ကဲ့သို့ အနာရောဂါ ချက်ချင်းပျောက်ကင်းကြောင်းကိုလည်းကောင်း လူအားလုံးရှေ့တွင် ဝန်ခံပြောဆိုလေ၏။ 48ယေရှုကလည်း “သမီး… သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်တော်မူ၏။
49ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးအိမ်မှ လူတစ်ဦးသည် လာ၍ ယာဣရုအား “အရှင်၏သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို မနှောင့်ယှက်ပါတော့နှင့်” ဟု ပြောလေ၏။
50ယေရှုသည် ကြားတော်မူလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာ ရှိစေလော့။ သူသည် ကျန်းမာလိမ့်မည်” ဟု မိန့်တော်မူ၏။
51ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းကလေး၏မိဘများမှအပ မည်သူ့ကိုမျှအိမ်သို့ ဝင်ခွင့်ပေးတော်မမူ။ 52လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။
53မိန်းကလေးသည် သေဆုံးပြီးဖြစ်ကြောင်းကို ထိုသူတို့သည် သိသောကြောင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ 54သို့သော် ကိုယ်တော်သည် ထိုမိန်းကလေး၏လက်ကို ကိုင်လျက် “သမီး… ထလော့” ဟု ခေါ်တော်မူ၏။ 55ထိုစဉ် မိန်းကလေး၏ဝိညာဉ်သည် ပြန်ဝင်လာသဖြင့် ချက်ချင်းထလေ၏။ ယေရှုသည်လည်း ထိုမိန်းကလေးအား စားစရာကျွေးရန် မိန့်တော်မူ၏။ 56ထိုမိန်းကလေး၏မိဘများသည် အလွန်အံ့အားသင့်လျက် နေ၏။ သို့သော် ကိုယ်တော်သည် ဤအဖြစ်အပျက်အား မည်သူ့ကိုမျှ ပြန်မပြောရန် သတိပေးတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
လုကာ 8: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.