YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 9

9
တပည့်တော်​ဆယ့်နှစ်ပါး​ကို စေလွှတ်တော်မူခြင်း
1တစ်နေ့​၌ ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​ပြီးလျှင် နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​နှင့် အနာရောဂါတို့​ကို ပျောက်ကင်းစေနိုင်သော​တန်ခိုး​ကို ပေးတော်မူ၏။ 2ထို့နောက် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​စေရန်​နှင့် ဖျားနာသောသူများ​အား ကျန်းမာ​စေရန် တပည့်တော်တို့​ကို စေလွှတ်တော်မူ၏။ 3ကိုယ်တော်​က “ခရီး​သွား​စဉ် တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ငွေ​နှင့် အင်္ကျီ​အပို​စသည်တို့​ကို ယူမသွားကြနှင့်။ 4အိမ်တစ်အိမ်​သို့ ဝင်​သောအခါ ထို​အရပ်​မှ မထွက်ခွာသည်​တိုင်အောင် ထို​အိမ်​၌သာ တည်းခိုကြလော့။ 5မည်သူ​မျှ သင်တို့​ကို လက်မခံ​လျှင် ထို​မြို့​မှ ထွက်ခွာ​သောအခါ သူတို့​တစ်ဖက်​၌ ဆန့်ကျင်သည့် သက်သေ​အဖြစ် သင်တို့​၏​ခြေဖဝါး​မှ ဖုန်မှုန့်​ကို ခါချလော့” ဟူ၍ ညွှန်ကြားတော်မူ၏။
6တပည့်တော်တို့​သည် ထွက်ခွာ​ပြီးလျှင် ကျေးလက်ဒေသများ​သို့ လှည့်လည်​၍ နေရာအနှံ့​သတင်းကောင်း​ကို ဟောပြော​ကာ ဖျားနာသောသူများ​ကို ကျန်းမာစေကြ၏။
ဟေရုဒ်​စိတ်ရှုပ်ထွေးရခြင်း
7နယ်စား​အန္တိပ​ဟေရုဒ်#9:7 နယ်စား​အန္တိပ​ဟေရုဒ်​သည် ဟေရုဒ်မင်း​၏​သား​ဖြစ်ပြီး ဂါလိလဲပြည်​ကို အုပ်ချုပ်သူ​ဖြစ်သည်။​သည် ယေရှု​ပြုတော်မူသော အခြင်းအရာ​အားလုံး​ကို ကြားသိ​၍ စိတ်ရှုပ်ထွေး​လျက်​နေ၏။ အဘယ်ကြောင့်ဆိုသော် လူ​တချို့​က နှစ်ခြင်းဆရာ​ယောဟန် သေရာ​မှ ပြန်ရှင်သည်​ဟူ၍ လည်းကောင်း၊ 8တချို့​က ဧလိယ​ပေါ်ထွန်းလေပြီ​ဟူ၍ လည်းကောင်း၊ တချို့​က ရှေး​ပရောဖက်​တစ်ပါးပါး သေရာ​မှ ပြန်ရှင်လာသည်​ဟူ၍ လည်းကောင်း ထင်မြင်​ပြောဆိုကြ​သောကြောင့်​ဖြစ်၏။
9ဟေရုဒ်​က “ငါ​သည် ယောဟန်​၏​ဦးခေါင်း​ကို ဖြတ်ခဲ့ပြီ။ ဤ​မျှလောက် ငါ​သတင်း​ကြားရသော ဤ​သူ​သည် မည်သူ​ဖြစ်သနည်း” ဟု ပြောဆို​လျက် ကိုယ်တော်​အား တွေ့​နိုင်ရန် ရှာကြံလေ၏။
လူ​ငါးထောင်​ကို ကျွေးမွေးတော်မူခြင်း
10တမန်တော်တို့​သည် ပြန်လာ​၍ မိမိတို့​လုပ်ဆောင်ခဲ့​သမျှ​ကို ပြန်​၍ လျှောက်ကြ၏။ ထို့နောက် ယေရှု​သည် သူတို့​ကို ခေါ်​၍ ဗက်ဇဲဒမြို့​သို့ တိတ်တဆိတ် ကြွတော်မူ၏။ 11ကိုယ်တော်​ကြွတော်မူကြောင်း​ကို လူထု​ပရိသတ်တို့​သည် ကြားသိ​သဖြင့် နောက်တော်​သို့ လိုက်ကြ၏။ ယေရှု​သည် ထို​သူတို့​အား ကြိုဆို​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​သွန်သင်တော်မူ၏။ ဖျားနာသောသူများ​ကိုလည်း ကျန်းမာစေတော်မူ၏။
12ညနေခင်း​ရောက်​သောအခါ တပည့်တော်​ဆယ့်နှစ်ပါးတို့​သည် ယေရှု​ထံသို့ ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူကင်းဝေးသည့်​နေရာ​ဖြစ်၏။ သို့ဖြစ်၍ လူထု​ပရိသတ်တို့​သည် ပတ်ဝန်းကျင်​အနီးရှိ ကျေးလက်ဒေသများ​သို့ သွား​၍ တည်းခိုရာ​နေရာ​နှင့် အစားအသောက် ရှာ​နိုင်ရန် သူတို့​အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
13သို့သော် ယေရှု​က “ထို​သူတို့​အတွက် စားစရာ​ကို သင်တို့​ပေးကြလော့” ဟု မိန့်တော်မူ၏။
တပည့်တော်တို့​ကလည်း “အကျွန်ုပ်တို့​၌ မုန့်​ငါးလုံး​နှင့် ငါးနှစ်ကောင်​သာ ရှိပါသည်။ ဤ​လူ​အားလုံး​အတွက် အစားအစာများ​ကို သွား​၍ ဝယ်ရပါမည်လော” ဟု လျှောက်ကြ၏။ 14ထိုသို့ လျှောက်ရခြင်း​မှာ ပရိသတ်​ငါးထောင်​ခန့် ရှိသောကြောင့်​ဖြစ်၏။
ယေရှု​က တပည့်တော်တို့​အား “သူတို့​ကို တစ်ဖွဲ့​လျှင် ငါးဆယ်​စီ အုပ်စုဖွဲ့​၍ ထိုင်စေလော့” ဟု မိန့်တော်မူ၏။ 15တပည့်တော်တို့​သည် မိန့်တော်မူသည့်​အတိုင်း အုပ်စုဖွဲ့​၍ ထိုင်စေကြ၏။ 16ထို့နောက် ယေရှု​သည် မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ယူ​၍ ကောင်းကင်​သို့ မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို ချိုးဖဲ့​၍ လူထု​ပရိသတ်တို့​အား ဝေ​ရန် တပည့်တော်တို့​အား ပေးတော်မူ၏။ 17ပရိသတ်​အားလုံး ဝလင်​စွာ စားကြ​ပြီး တပည့်တော်တို့​သည် ကြွင်းကျန်သော​အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်း​ရာ ဆယ့်နှစ်တောင်း​အပြည့်​ရကြ၏။
ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ပေတရု​ဝန်ခံခြင်း
18တစ်နေ့​၌ ယေရှု​သည် တစ်ကိုယ်တည်း​ဆုတောင်း​လျက်​နေတော်မူ​စဉ် တပည့်တော်တို့​သာလျှင် အနီး​တွင် ရှိကြ၏။ ထိုအခါ ကိုယ်တော်​က သူတို့​အား “လူတို့​သည် ငါ့​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ​လျှင် 19တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်​ဟု ဆိုကြ၏။ သို့သော် တချို့​က ဧလိယ​ဖြစ်သည်​ဟု ဆိုကြ​၍ တချို့​က သေရာ​မှ ပြန်ရှင်လာသော ရှေး​ပရောဖက်​တစ်ပါးပါး​ဖြစ်သည်​ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။
20ထိုအခါ ယေရှု​က “သင်တို့​သည်လည်း ငါ့​ကို မည်သူ​ဖြစ်သည်​ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ​လျှင် ပေတရု​က “ကိုယ်တော်​သည် ဘုရားသခင်​၏​ခရစ်တော်#9:20 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ ဖြစ်တော်မူ၏” ဟု လျှောက်လေ၏။
မိမိ​အသေခံတော်မူမည့်​အကြောင်း​ကို ကြိုတင်​ဟောတော်မူခြင်း
21ယေရှု​သည် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် တပည့်တော်တို့​အား တင်းကျပ်​စွာ သတိပေးတော်မူ​လျက် 22“လူသား#9:22 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏​ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ထမြောက်မည်” ဟု မိန့်တော်မူ၏။
23ထို့နောက် ပရိသတ်​အပေါင်းတို့​အား “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။ 24မိမိ​အသက်​ကို ကယ်တင်လိုသော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် အသက်​ဆုံးရှုံးသော​သူ​သည် အသက်​ကို ရ​လိမ့်မည်။ 25လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။
26တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် မိမိ​ဘုန်းအသရေ၊ ခမည်းတော်​၏​ဘုန်းအသရေ၊ သန့်ရှင်းသော​ကောင်းကင်တမန်များ​၏​ဘုန်းအသရေ​နှင့် ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်။ 27ငါ​အမှန်​ဆိုရ​လျှင် ဤ​နေရာ​၌ ရပ်နေကြသော​သူ တချို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။
အဆင်းသဏ္ဌာန်တော်​ပြောင်းလဲခြင်း
28ဤသို့ မိန့်တော်မူ​ပြီးမှ ရှစ်ရက်​ကြာ​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို ခေါ်​လျက် ဆုတောင်း​ရန် တောင်ပေါ်​သို့ ကြွတော်မူ၏။ 29ထိုသို့ ယေရှု​သည် ဆုတောင်းတော်မူ​စဉ် မျက်နှာတော်​၏​အသွင်အပြင်​သည် ပြောင်းလဲ​၍ အဝတ်တော်​သည်လည်း ဖြူဖွေး​တောက်ပ​လာ၏။ 30-31မောရှေ​နှင့်​ဧလိယ​တို့​သည် ဘုန်းရောင်ခြည်​နှင့် ရုတ်တရက်​ပေါ်လာ​၍ ကိုယ်တော်​နှင့် စကားပြောနေကြ၏။ ထို့နောက် သူတို့​သည် ဂျေရုဆလင်မြို့​၌ ဖြစ်လာမည့် ယေရှု​၏​အသေခံတော်မူခြင်း​အကြောင်း​ကို ပြောဆိုကြ၏။
32ထို​အချိန်​တွင် ပေတရု​နှင့် အပေါင်းအဖော်​တို့​သည်လည်း ငိုက်မျဉ်း​၍ အိပ်ပျော်​လျက်​ရှိကြ၏။ အိပ်ပျော်ရာ​မှ နိုးလာကြ​သော် သူတို့​သည် ယေရှု​၏​ဘုန်းရောင်ခြည်​ကို​လည်းကောင်း၊ ယေရှု​နှင့်အတူ​ရပ်နေကြသော လူ​နှစ်ဦး​ကို​လည်းကောင်း တွေ့မြင်ကြ၏။ 33ယေရှု​ထံမှ မောရှေ​နှင့် ဧလိယတို့​ထွက်ခွာချိန်​တွင် ပေတရု​က “သခင်… ဤ​နေရာ​တွင် အကျွန်ုပ်တို့​ရှိနေသည်​မှာ ကောင်းပေ၏။ အကျွန်ုပ်တို့​သည် သခင့်​အတွက် တဲ​တစ်ဆောင်၊ မောရှေ​အတွက် တစ်ဆောင်၊ ဧလိယ​အတွက် တစ်ဆောင်၊ တဲ​သုံးဆောင် ဆောက်ပါရစေ” ဟု မိမိ​အဘယ်အရာ​ပြောဆိုသည်​ကို မသိဘဲ လျှောက်ဆိုလေ၏။ 34ထိုသို့ လျှောက်ဆို​နေစဉ် မိုးတိမ်​သည် သူတို့​အပေါ်​တွင် လွှမ်းခြုံလေ၏။ မိုးတိမ်​ထဲသို့ ဝင်သည်​နှင့် တပည့်တော်တို့​သည် အလွန်​ကြောက်လန့်​တုန်လှုပ်ကြ၏။
35ထို့နောက် မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​ရွေးချယ်သော ငါ​၏​ချစ်သား​ဖြစ်၏။ သူ​၏​စကားတော်​ကို နားထောင်ကြ” ဟူသော အသံတော်​ထွက်ပေါ်လာ၏။ 36ထို​အသံတော် ထွက်ပေါ်​ပြီးနောက် ယေရှု​ကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့​သည် တွေ့မြင်​သမျှတို့​ကို ထို​ကာလပတ်လုံး မည်သူ့​ကို​မျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။
နတ်ဆိုးပူးသော သူငယ်​တစ်ဦး​အား ကျန်းမာစေတော်မူခြင်း
37နောက်​တစ်နေ့​တွင် ယေရှု​နှင့် တပည့်တော်တို့ တောင်ပေါ်​မှ ဆင်းလာ​သောအခါ လူအုပ်ကြီး​သည် ယေရှု​အား ကြိုဆို​နှုတ်ဆက်ကြ၏။ 38လူထု​ထဲမှ အမျိုးသား​တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​သား​ကို ကြည့်ရှုပေး​ရန် တောင်းပန်ပါ၏။ သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်းသော​သား ဖြစ်ပါ၏။ 39နတ်ဆိုး​ဝင်ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်တတ်ပါ၏။ သူ​၏ ပါးစပ်​မှ အမြှုပ်များ​ထွက်သည်​တိုင်အောင် နတ်ဆိုး​သည် သူ့​ကို တက်စေပါ၏။ သူ့​ကို ကုတ်ဖဲ့နာကျင်စေ​ပြီး သူ့​အထဲ​မှ အလွန်​ထွက်ခဲပါ၏။ 40အကျွန်ုပ်​သည် ဆရာတော်​၏​တပည့်တော်များ​အား ထို​နတ်ဆိုး​ကို နှင်ထုတ်ပေးပါ​ရန် တောင်းပန်​သော်လည်း သူတို့​သည် မတတ်နိုင်ကြပါ” ဟု အော်ဟစ်​၍ လျှောက်လေ၏။
41ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သင်​၏​သား​ကို ငါ့​ထံသို့​ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
42ထို​သူငယ်​လာ​စဉ် နတ်ဆိုး​သည် သူ့​အား မြေပေါ်​သို့ လှဲ​၍ တက်စေ၏။ သို့သော်လည်း ယေရှု​က ထို​နတ်ဆိုး​အား ဆုံးမ​၍ ထို​သူငယ်​ကို ကျန်းမာစေတော်မူ​ပြီးလျှင် ဖခင်​ထံသို့ ပြန်အပ်ပေးတော်မူ၏။ 43လူ​အပေါင်း​သည် ဘုရားသခင်​၏​အံ့ဖွယ်​တန်ခိုးတော်​ကို မြင်တွေ့ရ​၍ အံ့သြချီးမွမ်းကြ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ၍ ကြိုတင်​ဟောတော်မူခြင်း
လူ​အပေါင်းတို့​သည် ယေရှု​ပြုတော်မူသော အခြင်းအရာ​ခပ်သိမ်း​တို့​ကို အံ့သြ​လျက်​နေကြ​စဉ် ယေရှု​က တပည့်တော်တို့​အား 44“ငါ့​စကား​ကို မှတ်သားကြလော့။ လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ 45သို့သော် ထို​စကားတော်​၏​အနက်​အဓိပ္ပာယ်​ကို ဖုံးကွယ်ထားတော်မူသည်​ဖြစ်​၍ တပည့်တော်တို့​သည် နားမလည်ကြပေ။ ဤ​စကားတော်​၏​ဆိုလိုရင်း​ကိုလည်း မမေးလျှောက်ဝံ့ကြ။
ကောင်းကင်နိုင်ငံတော်​၌ အကြီးမြတ်ဆုံးသူ
46ထို့နောက် တပည့်တော်တို့​သည် မိမိတို့​အနက် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်သနည်း​ဟု အချင်းချင်း​ငြင်းခုံကြ၏။ 47သို့သော် ယေရှု​သည် ထို​သူတို့​၏​တွေးတော​ကြံစည်မှု​ကို ကောင်းစွာ​သိတော်မူ​သဖြင့် ကလေးငယ်​တစ်ဦး​ကို ခေါ်​ကာ မိမိ​အနား​တွင် ရပ်စေတော်မူ၏။ 48ထို့နောက် တပည့်တော်တို့​အား “ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​တွင် အငယ်ဆုံး​သော​သူ​သည် အကြီးမြတ်ဆုံးသော​သူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု​နာမတော်​ကို အမှီပြုခြင်း
49ယောဟန်​ကလည်း “သခင်… လူ​တစ်ဦး​သည် သခင်​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်နေသည်​ကို အကျွန်ုပ်တို့​မြင်တွေ့ခဲ့ပါ၏။ သူ​သည် အကျွန်ုပ်တို့​၏​အဖွဲ့ဝင် မဟုတ်​သောကြောင့် အကျွန်ုပ်တို့​သည် သူ့​ကို​တားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
50ယေရှု​က “ထို​သူ​ကို မတားကြနှင့်။ သင်တို့​ကို မဆန့်ကျင်​သော​သူ​သည် သင်တို့​ဘက်​၌ ရှိ၏” ဟု မိန့်တော်မူ၏။
ရှမာရိရွာ​မှ ငြင်းပယ်ခြင်း
51ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ကို ခံတော်မူသော​နေ့ရက် နီးတော်မူ​သောအခါ ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ​ရန် စိတ်ပိုင်းဖြတ်​လျက် 52တမန်တော်များ​ကို မိမိ​ရှေ့သို့​စေလွှတ်တော်မူ၏။ သူတို့​သည် ယေရှု​အတွက် ပြင်ဆင်​ရန် ရှမာရိရွာ​တစ်ရွာ​သို့ ဝင်ကြ၏။ 53သို့ရာတွင် ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူမည်​ဖြစ်သောကြောင့် ထို​ရွာသား​တို့​က လက်မခံကြ။ 54တပည့်တော်များ​ဖြစ်ကြသော ယာကုပ်​နှင့် ယောဟန်​တို့​သည် ထို​အခြင်းအရာ​ကို မြင်ကြ​သော် “သခင်… အကျွန်ုပ်တို့​သည် ကောင်းကင်​မှ မီးကျစေ​၍ ထို​သူတို့​ကို လောင်ကျွမ်း​စေရန် အလို​ရှိတော်မူ​သလော”#9:54 အချို့​လက်ရေးမူကျမ်းများ​တွင် “ပရောဖက်​ဧလိယ ပြုခဲ့ဖူး​သကဲ့သို့ ပြု​ရန် တောင်းဆိုကြသည်” ဟု ဖော်ပြထားသည်။ ဟု မေးလျှောက်ကြ၏။ 55သို့သော် ယေရှု​သည် လှည့်​၍ သူတို့​ကို ဆုံးမတော်မူ၏။#9:55 အချို့​လက်ရေးမူကျမ်းများ​တွင် “သင်တို့​၏​စိတ်နှလုံး မည်သို့​ဖြစ်သည်​ကို သင်တို့​မသိကြ။ အဘယ်ကြောင့်ဆိုသော် လူသား​သည် လူ့​အသက်​ကို သတ်​ရန် ကြွလာသည် မဟုတ်။ ကယ်တင်​ရန် ကြွလာသည်” ဟု ထပ်ဖြည့်​၍ အဆုံးသတ်ထားသည်​ကို တွေ့ရပါသည်။ 56ထို့နောက် အခြားသော ရွာ​တစ်ရွာ​သို့ ဆက်​၍ သွား​ကြ၏။
ယေရှု​နောက်တော်​သို့ လိုက်ခြင်း​၏​အကျိုးဆက်
57သူတို့​ခရီးသွားနေကြ​စဉ်တွင် လူ​တစ်ဦး​က “သခင်​ကြွတော်မူမည့် မည်သည့်​နေရာ​မဆို အကျွန်ုပ်​လိုက်ပါမည်” ဟု ယေရှု​အား လျှောက်လေ၏။
58သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။
59ယေရှု​သည် အခြားသော​သူ​တစ်ဦး​အား “ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထို​သူ​က “သခင်… အိမ်​သို့​ပြန်​၍ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ သင်္ဂြိုဟ်ခွင့်​ပြုတော်မူပါ” ဟု လျှောက်လေ၏။ 60ယေရှု​က ထို​သူ​အား “ဝိညာဉ်ရေးရာ​၌ သေဆုံးနေသော​သူတို့​သာ မိမိတို့​၏​လူသေ​ကို သင်္ဂြိုဟ်ပါစေ။#9:60 မူရင်း​ဂရိကျမ်း​တွင် “လူသေတို့​သည် မိမိတို့​လူသေ​ကို သင်္ဂြိုဟ်ပါစေ” ဟူ၍ ပါရှိသည်။ သင်​သည် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောလော့” ဟု မိန့်တော်မူ၏။
61အခြား​တစ်ဦး​ကလည်း “သခင်… အကျွန်ုပ်​လည်း နောက်တော်​သို့ လိုက်ပါရစေ။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သားများ​ကို သွား​၍ နှုတ်ဆက်ပါရစေ” ဟု လျှောက်​သော် 62ယေရှု​က “ထွန်တုံး​ကို ကိုင်​လျက် နောက်​လှည့်ကြည့်သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​နှင့် မထိုက်တန်ပါ” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 9: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ