YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာကု 14

14
ဗေသနိရွာ​တွင် ယေရှု​၏ ခေါင်းတော်​ပေါ်သို့ ဆီမွှေးသွန်းလောင်းခြင်း
1ပသခါပွဲတော်​နှင့် တဆေးမဲ့​မုန့်ပွဲတော်များ မကျင်းပ​မီ နှစ်ရက်​အလို​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ယေရှု​ကို တိတ်တဆိတ် ဖမ်းဆီး​၍ သတ်​ရန် အခွင့်ကောင်း​ကို ရှာကြ၏။ 2သူတို့​က “လူထု​အကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်​ကို စိုးရိမ်ရ​သောကြောင့် ပွဲတော်ရက်​အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
3ယေရှု​သည် ဗေသနိရွာ​ရှိ အနာကြီးရောဂါ​စွဲကပ်ဖူးသူ ရှိမုန်​၏​အိမ်​၌ ရှိတော်မူ​စဉ်#14:3 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ​စဉ်” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ အမျိုးသမီး​တစ်ဦး​သည် အလွန်​တန်ဖိုး​ကြီးသည့် နာဒု​ဆီမွှေး​အစစ်​ထည့်ထားသော ကျောက်ဖြူဘူး​တစ်လုံး​ကို ကိုင်​၍ ရောက်လာ၏။ ထို့နောက် သူ​သည် ဘူး​ကို ခွဲဖွင့်ပြီး​လျှင် ထို​ဆီမွှေး​ကို ယေရှု​၏ ခေါင်းတော်​ပေါ်၌ လောင်းလေ၏။
4ထိုအခါ လူ​တချို့​သည် ဒေါသထွက်​၍ “အဘယ်ကြောင့် တန်ဖိုး​ကြီးသော​ဆီမွှေး​ကို ဤသို့​ဖြုန်းတီး​ရသနည်း။ 5ဤ​ဆီမွှေး​ကို ငွေဒင်္ဂါး#14:5 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​ပြား​သုံးရာ​ဖြင့်​ရောင်း​၍ ဆင်းရဲသားများ​အား လှူဒါန်း​သင့်သည်” ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို အပြစ်တင်ကြ၏။
6သို့သော် ယေရှု​က “ရှိပါစေ။ ငါ့​အတွက် ကောင်းမှု​ပြုသော ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။ 7ဆင်းရဲသားများ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိကြ၏။ ထို့ကြောင့် သင်တို့​စိတ်ဆန္ဒ​ရှိသည့်​အခါတိုင်း သူတို့​ကို ကူညီ​နိုင်၏။ သို့ရာတွင် ငါ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိနေမည်​မဟုတ်။ 8ဤ​အမျိုးသမီး​သည် သူ​တတ်နိုင်သမျှ​ကို ပြုပြီ။ ငါ့​ကို သင်္ဂြိုဟ်​ရန်​အတွက် ငါ့​ကိုယ်ခန္ဓာ​ပေါ်၌ ကြိုတင်​၍ ဆီမွှေး​လိမ်းပြီ။ 9သင်တို့​အား ငါ​အမှန်​ဆို၏။ သတင်းကောင်း​ကို ကြေညာသည့် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ဤ​အမျိုးသမီး​၏ လုပ်ဆောင်ချက်​ကိုလည်း အစဉ်​အောက်မေ့သတိရ​၍ ပြောဆိုကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု​ကို သစ္စာဖောက်​ရန် ယုဒ​သဘောတူခြင်း
10ထို့နောက် တပည့်တော်​ဆယ့်နှစ်ပါး​တွင် တစ်ပါး​ဖြစ်သော ယုဒရှကာရုတ်​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​လက်သို့ ယေရှု​ကို အပ်​ရန် သူတို့​ထံသို့ ထွက်သွားလေ၏။ 11ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယုဒရှကာရုတ်​လာရခြင်း​အကြောင်း​ကို ကြား​သောအခါ ဝမ်းမြောက်​၍ သူ့​အား ငွေ​ပေး​ရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒ​သည် ယေရှု​ကို ထို​သူတို့​လက်သို့ အပ်နှံ​ရန် အခွင့်ကောင်း​ကို ရှာကြံ​လျက်​နေ၏။
နောက်ဆုံးသော​ညစာ
12တဆေးမဲ့​မုန့်ပွဲတော်​ပထမ​နေ့​ဖြစ်သည့် ပသခါ​သိုးသငယ်​ကို ယဇ်ပူဇော်ရသော​နေ့​တွင် ယေရှု​၏ တပည့်တော်တို့​က “သခင့်​အတွက် ပသခါပွဲတော်#14:12 ဂျူးလူမျိုးများ အီဂျစ်ပြည်​၏ ကျွန်​အဖြစ်​မှ လွတ်မြောက်မှု အထိမ်းအမှတ်​အဖြစ် ကျင်းပသော​ပွဲတော်​ဖြစ်သည်။​ညစာ​ကို အကျွန်ုပ်တို့ မည်သည့်​နေရာ​သို့ သွား​၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
13ယေရှု​က တပည့်တော်​နှစ်ပါး​အား “သင်တို့​သည် မြို့​ထဲသို့ ဝင်​သောအခါ ရေအိုး​ထမ်းလာသော​လူ​တစ်ဦး​နှင့် ဆုံ​လိမ့်မည်။ ထို​သူ​နောက်သို့​လိုက်​၍ သူ​ဝင်သည့်​အိမ်​သို့ ဝင်ကြလော့။ 14ထို့နောက် အိမ်ရှင်​အား ‘ဆရာတော်​က “ငါ​၏ တပည့်တို့​နှင့်အတူ ပသခါပွဲတော်​ညစာ​ကို စားရမည့် ဧည့်ခန်း​သည် မည်သည့်​နေရာ​တွင်​ရှိသနည်း” ဟု သင့်​အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ 15ထို​သူ​သည် သင်တို့​အား ခင်းကျင်းထားသော အိမ်​အပေါ်ထပ်​ခန်းမကြီး​ကို ပြ​လိမ့်မည်။ ထို​အခန်း​တွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။ 16ထို့နောက် တပည့်တော်​နှစ်ပါးတို့​သည် မြို့​ထဲသို့ သွားကြ​ရာ ယေရှု​မိန့်မှာသည့်​အတိုင်း တွေ့မြင်​၍ ပသခါပွဲတော်​ကို ပြင်ဆင်ကြ၏။
17ညနေချမ်း​အချိန် ရောက်​သောအခါ ကိုယ်တော်​သည် တပည့်တော် ဆယ့်နှစ်ပါး​နှင့်အတူ ကြွလာတော်မူ၏။ 18သူတို့​သည် စားပွဲ​၌ ထိုင်#14:18 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။​လျက် စားသောက်နေကြ​စဉ် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​နှင့်အတူ စားနေသော သင်တို့​အထဲမှ တစ်ယောက်​သည် ငါ့​ကို သစ္စာဖောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။
19ထိုအခါ တပည့်တော်တို့​သည် အလွန်​စိတ်ထိခိုက်​လျက် “သခင်ဘုရား… ထို​သူ​သည် အကျွန်ုပ်​လော” ဟု တစ်ဦး​ပြီး​တစ်ဦး မေးလျှောက်ကြ၏။
20ကိုယ်တော်​က “ထို​သူ​သည် သင်တို့​ဆယ့်နှစ်ပါး​ထဲမှ ဖြစ်​၍ ငါ့​နှင့်အတူ ပန်းကန်​တွင် မုန့်​ကို တို့စားသောသူ​ဖြစ်၏။ 21ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား#14:21 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် အသေခံရမည်။#14:21 မူရင်း​ဂရိကျမ်း​တွင် “သွားရမည်” ဟု ပါရှိသည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။
22ထို့နောက် သူတို့​သည် အစာသုံးဆောင်​လျက် နေကြ​စဉ် ယေရှု​သည် မုန့်​ကို​ယူ​၍ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို​ဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျက် “ယူ​၍ စားကြလော့။ ဤ​မုန့်​သည် ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏” ဟု မိန့်တော်မူ၏။
23စပျစ်ရည်ခွက်​ကိုလည်း ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်း​ပြီးနောက် တပည့်တော်တို့​အား ပေးတော်မူ​လျှင် သူတို့​အားလုံး​သည် သောက်ကြ၏။ 24ယေရှု​က “ဤ​စပျစ်ရည်​သည် လူများစွာတို့​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။ 25သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ ထပ်မံ​သောက်ရသည့်​နေ့ မတိုင်မီ​အထိ ဤ​စပျစ်ရည်​ကို ငါ​မသောက်” ဟု မိန့်တော်မူ၏။
26ထို့နောက် သူတို့​သည် ဓမ္မသီချင်း​တစ်ပုဒ်​ကို သီဆိုကြ​ပြီးနောက် သံလွင်တောင်​သို့ ထွက်သွားကြ၏။
ပေတရု​ငြင်းဆိုမည့်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
27ထိုအခါ လမ်း​၌ ယေရှု​က “ကျမ်းစာ​တွင်
‘ငါ​သည် သိုးထိန်း​ကို ရိုက်တော်မူ​သဖြင့်
သိုးတို့​သည် ကွဲလွင့်သွားကြရမည်’
ဟု ရေးထားသည့်​အတိုင်း သင်တို့​သည် ငါ့​ကို စွန့်ခွာသွားကြ​လိမ့်မည်။ 28သို့ရာတွင် ငါ​သည် သေခြင်း​မှ ထမြောက်​ပြီးနောက် ဂါလိလဲပြည်​သို့ သင်တို့​ထက် ဦးစွာ​သွားမည်” ဟု မိန့်တော်မူ၏။
29ထိုအခါ ပေတရု​က “အခြားသူ​အပေါင်းတို့​သည် သခင့်​ကို စွန့်ခွာကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါမျှ စွန့်ခွာမည်​မဟုတ်ပါ” ဟု လျှောက်လေ၏။
30ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့​ည​၌ပင် ကြက်​နှစ်ကြိမ်​မတွန်မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။
31ပေတရု​က “အကျွန်ုပ်​သည် သခင်​နှင့်အတူ သေရမည်​ဆိုလျှင်ပင် သခင့်​ကို အကျွန်ုပ် မည်သည့်​အခါမျှ ငြင်းပယ်မည်​မဟုတ်” ဟု အလေးအနက်​လျှောက်လေ၏။ အခြား​တပည့်တော်တို့​သည်လည်း ထို​နည်းတူ​လျှောက်ကြ၏။
ဂေသရှေမန်​ဥယျာဉ်​တွင် ဆုတောင်းတော်မူခြင်း
32ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် ဂေသရှေမန်​အမည်ရှိသော အရပ်​သို့ ရောက်တော်မူ၏။ ယေရှု​က တပည့်တော်တို့​အား “ငါ​ဆုတောင်းနေ​စဉ် ဤ​နေရာ​၌ သင်တို့​ထိုင်နေကြလော့” ဟု မိန့်တော်မူ​ပြီးလျှင် 33ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို ခေါ်သွားတော်မူ၏။ ယေရှု​သည် အလွန်​စိတ်​ပူပင်သောက​ရောက်တော်မူ​သဖြင့် 34တပည့်တော်တို့​အား “ငါ​၏​စိတ်ဝိညာဉ်​သည် သေလုမတတ်​ဝမ်းနည်း​လျက်​ရှိ၏။ ဤ​နေရာ​တွင် နေ​၍ သတိ​နှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
35-36ထို့နောက် ရှေ့​သို့ အနည်းငယ် ကြွသွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အို အဖ​ခမည်းတော်… ကိုယ်တော်​သည် အရာခပ်သိမ်း​ကို တတ်နိုင်တော်မူ၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ​ဖြစ်စေတော်မူပါ” ဟု မိမိ​ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်​အချိန်နာရီ​ကို ဖြစ်နိုင်​လျှင် လွန်သွား​စေတော်မူ​ရန်အတွက် ဆုတောင်းတော်မူ၏။
37ထို့နောက် တပည့်တော်တို့​ထံသို့ ပြန်​ကြွ​သောအခါ သူတို့​သည် အိပ်ပျော်​နေကြသည်​ကို တွေ့မြင်တော်မူ​သဖြင့် ပေတရု​အား “ရှိမုန်… သင်​သည် အိပ်ပျော်နေသလော။ တစ်နာရီ​မျှပင် သတိ​နှင့် မစောင့်နိုင်သလော။ 38ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ လိုက်ပါမသွား​စေရန် သတိ​နှင့် စောင့်နေ​လျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်​သည် ဆန္ဒရှိ​သော်လည်း ကိုယ်ခန္ဓာ​မှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
39တစ်ဖန် ယေရှု​သည် ကြွတော်မူ​၍ ယခင်က​အတိုင်း ဆုတောင်းတော်မူ၏။ 40ထို့နောက် တပည့်တော်တို့​ထံ ပြန်ကြွ​သောအခါ သူတို့​သည် ငိုက်မျဉ်း​၍ အိပ်ပျော်နေကြသည်​ကို တွေ့မြင်တော်မူ၏။ သူတို့​သည် ကိုယ်တော်​အား မည်သို့​ပြန်လည်​ဖြေကြားကြရမည်​ကို မသိကြ။
41သူတို့​ထံသို့ တတိယ​အကြိမ် ပြန်ကြွလာတော်မူ​ပြီးနောက် ယေရှု​က “သင်တို့​သည် ယခု​တိုင်အောင် အိပ်ပျော်​လျက် နားနေကြသေးသလော။ တော်လောက်ပေပြီ။ လူသား​ကို အပြစ်သားတို့​၏ လက်​ထဲသို့ အပ်နှံရသော​အချိန် ရောက်လာပြီ။ 42ထကြ။ သွားကြစို့။ ငါ့​ကို သစ္စာဖောက်အပ်နှံမည့်​သူ ရောက်နေပြီ” ဟု မိန့်တော်မူ၏။
သစ္စာဖောက်​ခံရတော်မူခြင်း​နှင့် ဖမ်းဆီး​ခံရတော်မူခြင်း
43ထိုသို့ မိန့်တော်မူ​စဉ် တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သော ယုဒ​သည် တုတ်​နှင့်​ဓားများ​ကို ကိုင်ဆောင်သော​လူအုပ်ကြီး​နှင့်အတူ ရောက်လာ၏။ ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲတို့​မှ လွှတ်လိုက်သော​လူအုပ် ဖြစ်၏။ 44ယေရှု​ကို သစ္စာဖောက်​၍ အပ်နှံသော ယုဒ​က “ငါ​နမ်း​၍ နှုတ်ဆက်သော​သူ​သည် ယေရှု​ဖြစ်၏။ သူ့​ကို ဖမ်းဆီး​ကာ စောင့်ကြပ်​၍ ခေါ်ဆောင်သွားကြလော့” ဟု သူတို့​အား အချက်ပြ​အမှတ်အသား​ပေးထား၏။
45သူ​သည် ရောက်​လျှင် ယေရှု​ထံတော်သို့ ချက်ချင်း လာ​၍ “ဆရာတော်#14:45 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။…” ဟု ခေါ်ဆို​လျက် နမ်းလေ၏။
46ထိုအခါ လူတို့​သည် ယေရှု​ကို ဖမ်းဆီးချုပ်နှောင်ကြ၏။ 47သို့သော် ယေရှု​နှင့်အတူ ရှိနေသော​သူ​တစ်ဦး​သည် ဓား​ကို ဆွဲထုတ်​၍ ယဇ်ပုရောဟိတ်မင်း​၏ အစေခံ​တစ်ဦး​ကို ခုတ်​သဖြင့် ထို​သူ​၏​နားရွက် ပြတ်လေ၏။
48ယေရှု​က “သင်တို့​သည် ဓားပြ​တစ်ဦး​ကို ဖမ်းဆီး​သကဲ့သို့ ငါ့​ကို ဖမ်းဆီး​ရန် တုတ်များ၊ ဓားများ​နှင့် လာကြရသလော။ 49ငါ​သည် နေ့စဉ်နေ့တိုင်း သင်တို့​နှင့်အတူ ရှိ​လျက် ဗိမာန်တော်​တွင် ဟောပြော​သွန်သင်နေခဲ့​သော်လည်း သင်တို့​သည် ငါ့​ကို မဖမ်းဆီးဘဲ​နေကြ၏။ သို့သော် ဤသို့​ဖြစ်ပျက်ရခြင်း​မှာ ကျမ်းစာ​တွင် ငါ​နှင့်​ပတ်သက်​၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာ​စေရန်​ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
50ထိုအခါ တပည့်တော်​ရှိသမျှတို့​သည် ယေရှု​ကို စွန့်ခွာ​၍ ထွက်ပြေးကြ၏။ 51လူငယ်​တစ်ဦး​သည် ပိတ်ချောထည်​ကိုသာ ခြုံ​လျက် ယေရှု​၏​နောက်တော်​မှ လိုက်၏။ လူတို့​သည် ထို​လူငယ်​ကို ဖမ်းဆီး​ရန် ကြိုးစား​သောအခါ 52သူ​သည် ပိတ်ချောထည်ကို​ပစ်​၍ အဝတ်​မပါဘဲ ထွက်ပြေးလေ၏။
တရားလွှတ်တော်​၌ စစ်ဆေးခံရတော်မူခြင်း
53ထို​သူတို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်မင်း​၏ အိမ်​သို့ ခေါ်ဆောင်သွားကြ၏။ ထို​အိမ်​၌ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ အကြီးအကဲများ​နှင့် ကျမ်းတတ်ဆရာများ​သည် စုဝေး​လျက် ရှိကြ၏။ 54ထို​အချိန်​တွင် ပေတရု​သည် ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​တိုင်အောင် မလှမ်းမကမ်း​မှ လိုက်လေ၏။ သူ​သည် အတွင်း​သို့ ဝင်​၍ အစောင့်တပ်သားများ​နှင့်အတူ ထိုင်​ကာ မီးလှုံ​လျက် နေ၏။
55ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ အကြီးအကဲများ​နှင့် တရားလွှတ်တော်​တစ်ရပ်လုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်ရန် သက်သေ​ကို ရှာဖွေကြ​သော်လည်း မတွေ့ကြ။ 56လူများစွာတို့​သည် ယေရှု​နှင့်​ပတ်သက်​၍ မမှန်သော​သက်သေများ ထွက်ဆိုကြ​သော်လည်း သူတို့​၏​ထွက်ဆိုချက်များ​မှာ တစ်ခု​နှင့်​တစ်ခု ကိုက်ညီမှု​မရှိကြပေ။ 57နောက်ဆုံး​၌ လူ​တချို့​သည် ထ​၍ 58“ဤ​သူ​က ‘လူ့​လက်​ဖြင့် ဆောက်လုပ်သော ဤ​ဗိမာန်တော်​ကို ငါ​ဖြိုဖျက်​၍ လူ့​လက်​ဖြင့် မဆောက်လုပ်သော ဗိမာန်တော်​ကို သုံးရက်​အတွင်း ငါ​တည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်​ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်​ထွက်ဆိုကြ၏။ 59သို့သော် ထို​သူတို့​၏ ထွက်ဆိုချက်များ​သည် ကိုက်ညီမှု​မရှိပေ။
60ထိုအခါ ယဇ်ပုရောဟိတ်မင်း​သည် လူတို့​ရှေ့တွင် ထ​၍ “သင့်​အား ဤသို့ စွပ်စွဲသော​ထွက်ဆိုချက်များ​ကို တစ်ခွန်း​မျှ မတုံ့ပြန်ဘဲ​နေမည်လော။ သင်​၏ အမူကိစ္စ​နှင့်​ပတ်သက်​၍ မည်သို့​ပြောလိုသနည်း” ဟု ယေရှု​ကို မေးလေ၏။ 61သို့ရာတွင် ယေရှု​သည် မေးခွန်း​ကို ဖြေတော်မမူဘဲ တိတ်ဆိတ်​စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်း​က “သင်​သည် မင်္ဂလာ​ရှိသော ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော” ဟု ယေရှု​အား မေးလေ၏။
62ယေရှု​က “မှန်ပါ၏။ လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်”#14:62 ဒံ ၇:၁၃။ ဟု ပြန်​၍ မိန့်တော်မူ၏။
63ထိုအခါ ယဇ်ပုရောဟိတ်မင်း​သည် မိမိ​ဝတ်ရုံ​ကို ဆုတ်ဖြဲ​လျက် “အခြား မည်သည့်​သက်သေ လိုတော့မည်နည်း။ 64ဘုရားသခင်​ကို စော်ကားသော သူ​၏​စကား​ကို သင်တို့​အားလုံး ယခု​ကြားကြရလေပြီ။ သင်တို့ မည်သို့​ထင်မြင်ကြသနည်း” ဟု မေး​လျှင် သူတို့​အားလုံး​က “သူ​သည် သေဒဏ်​ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။
65ထို့နောက် လူတချို့​သည် ယေရှု​ကို တံတွေး​နှင့် ထွေးကြ၏။ မျက်နှာတော်​ကို ဖုံးအုပ်ပြီး​လျှင် ကိုယ်တော်​ကို လက်သီး​ဖြင့် ထိုးနှက်​၍ “ပရောဖက်ပြု​၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့​ကလည်း ယေရှု​၏​ပါးတော်​ကို ရိုက်ပုတ်ကြ၏။
ယေရှု​ကို မသိကြောင်း ပေတရု​ငြင်းဆိုခြင်း
66ထို​အချိန်​တွင် ပေတရု​သည် ရုံးတော်ဝင်း​အတွင်း​၌ ထိုင်နေ​စဉ် ယဇ်ပုရောဟိတ်မင်း​၏ အစေခံ​အမျိုးသမီး​တစ်ဦး​သည် ရောက်လာ၏။ 67ထို့နောက် သူ​သည် မီးလှုံနေသော​ပေတရု​ကို မြင်​သော် သေချာစွာ​ကြည့်​ပြီးလျှင် “သင်​သည်လည်း နာဇရက်မြို့သား​ယေရှု​နှင့် အတူ​ရှိခဲ့သော​သူ ဖြစ်သည်” ဟု ဆိုလေ၏။
68သို့သော် ပေတရု​က “သင်​ပြောဆိုနေသည့်​အရာ​ကို ငါ​မသိပါ” ဟု ငြင်းဆို​လျက် ခြံအဝင်ဝ​ဘက်သို့ ထွက်သွားလေ၏။ ထို​အချိန်​တွင် ကြက်တွန်လေ၏။
69ထို​အစေခံ​မိန်းကလေး​သည် ပေတရု​ရပ်နေသည်​ကို မြင်ပြန်​သောအခါ “ဤ​လူ​သည် ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်သည်” ဟု ဆို၏။ 70သို့သော် ပေတရု​သည် ထပ်မံ​ငြင်းဆိုလေ၏။
အချိန်​အနည်းငယ်​ကြာ​သော် ထို​နေရာ​၌ ရပ်နေသော​သူတို့​က “သင်​သည်လည်း အမှန်ပင်​ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဂါလိလဲပြည်သား​ဖြစ်သည်” ဟု ပေတရု​ကို ဆိုကြ၏။
71ပေတရု​ကလည်း “သင်တို့​ပြောဆိုနေသော​သူ​ကို ငါ​မသိပါ” ဟု ကျိန်ဆို၏။ 72ထို​ခဏချင်း​တွင် ဒုတိယအကြိမ်​ကြက်တွန်လေ၏။
ထိုအခါ ပေတရု​သည် “ကြက်​နှစ်ကြိမ်​မတွန်​မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟူသော ယေရှု​မိန့်တော်မူခဲ့သည့် စကား​ကို ပြန်လည်​သတိရ​သဖြင့် ငိုကြွေးလေ၏။

လက်ရှိရွေးချယ်ထားမှု

မာကု 14: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ