YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာကု 15

15
ပိလတ်မင်း​ရှေ့​တွင် စစ်ဆေးခံတော်မူခြင်း
1နံနက်​စောစောအချိန်​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ​နှင့် တရားလွှတ်တော်​မှ အဖွဲ့ဝင်များ​အားလုံး​နှင့်အတူ တွေ့ဆုံ​၍ ရှေ့ဆက်​လုပ်ဆောင်​ရမည့် ကိစ္စ​အတွက် တိုင်ပင်​ဆွေးနွေးကြ၏။ ထို့နောက် ယေရှု​ကို ချည်နှောင်​၍ ရောမ​ဘုရင်ခံ​ပိလတ်မင်း​ထံသို့ ခေါ်ဆောင်သွားကြ၏။
2ပိလတ်မင်း​က ယေရှု​အား “သင်​သည် ဂျူးတို့​၏ ရှင်ဘုရင်​ဖြစ်သလော” ဟု မေးလေ၏။
ယေရှု​က “မင်းကြီး​ဆိုသည့်​အတိုင်း မှန်ပါသည်” ဟု ပြန်​၍ ဖြေတော်မူ၏။
3ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် ယေရှု​ကို ပြစ်ချက်​များစွာ​နှင့် စွပ်စွဲကြ၏။ 4ထိုအခါ ပိလတ်မင်း​က ယေရှု​အား “သင်​သည် တစ်စုံတစ်ရာ​မျှ မဖြေဘဲ​နေမည်လော။ သင့်​အား မည်မျှ​စွပ်စွဲထားသည်​ကို မကြားသလော” ဟု ဆို၏။ 5သို့ရာတွင် ယေရှု​သည် စကား​တစ်ခွန်း​မျှ ပြန်​၍ မိန့်တော်မမူဘဲ​နေ​သဖြင့် ပိလတ်မင်း​သည် အလွန်​အံ့သြလေ၏။
6ပသခါပွဲတော် ကျင်းပချိန်​တွင် ရောမ​ဘုရင်ခံ​သည် လူထု​တောင်းဆိုသော အကျဉ်းသား​တစ်ဦး​ကို နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရလေ့​ရှိ၏။ 7ထို​အချိန်​တွင် ဆူပူအုံကြွမှု​ဖြစ်စဉ်​၌ လူသတ်မှု​ကျူးလွန်​၍ အကျဉ်းချခံရသော​သူများ​ရှိကြ၏။ ထို​သူတို့​အထဲ​တွင် ဗာရဗ္ဗ​ဟု ခေါ်သော​သူလည်း​ပါ၏။ 8လူထု​ပရိသတ်တို့​သည် ပိလတ်မင်း​ထံသို့ သွား​၍ ထုံးစံရှိသည့်​အတိုင်း အကျဉ်းသား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။
9ပိလတ်မင်း​က “သင်တို့​သည် ဤ​ဂျူးတို့​၏​ရှင်ဘုရင်​ဆိုသူ​ကို လွှတ်ပေး​စေလိုသလော” ဟု မေး၏။ 10ထိုသို့​မေးရခြင်း​မှာ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယေရှု​ကို မနာလို​၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိ​သောကြောင့် ဖြစ်၏။ 11သို့သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် ယေရှု​အစား ဗာရဗ္ဗ​ကို လွှတ်ပေးပါ​ဟု တောင်းဆိုကြ​ရန် လူထု​အား လှုံ့ဆော်ကြ၏။ 12ထိုအခါ ပိလတ်မင်း​က “ဂျူးတို့​၏​ရှင်ဘုရင်​ဟု ခေါ်သော ဤ​သူ​ကို မည်သို့​ပြုရမည်နည်း” ဟု မေးလေ၏။
13လူထု​ကလည်း “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။
14ပိလတ်မင်း​က တစ်ဖန် “အဘယ်ကြောင့်နည်း။ သူ​သည် မည်သည့်​ပြစ်မူ​ကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်​၍ မေးပြန်သော် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု ပို​၍ ကျယ်လောင်​စွာ အော်ဟစ်ကြ၏။
15ထိုအခါ ပိလတ်မင်း​သည် လူထု​ကို စိတ်ကျေနပ်​စေရန် ဗာရဗ္ဗ​ကို လွှတ်ပေးလေ၏။ ယေရှု​ကို​မူ ကျာပွတ်​ဖြင့် ရိုက်နှက်စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရောမစစ်သားများ​ထံသို့ အပ်လိုက်၏။
ယေရှု​ကို စစ်သားများ​က ပြက်ရယ်ပြုကြခြင်း
16ထိုအခါ စစ်သားများ​သည် ယေရှု​ကို ပြဲတောရိ​ဟု ခေါ်သော ရုံးတော်​သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်​တစ်တပ်လုံး​သည် ယေရှု​၏ အနား​သို့ စုရုံးလာကြ၏။ 17သူတို့​သည် ယေရှု​ကို ခရမ်းရောင်​ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်​ဖြင့် ရက်ထားသော​သရဖူ​တစ်ခု​ကိုလည်း ဦးခေါင်းတော်​၌ ဆောင်းပေးကြ၏။ 18ကိုယ်တော်​အား “ဂျူးတို့​၏​ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြု​လျက် နှုတ်ဆက်ကြ၏။ 19ထို့နောက် သူတို့​သည် ကိုယ်တော်​၏ ဦးခေါင်းတော်​ကို ကျူရိုး​ဖြင့် ရိုက်ကြ၏။ တံတွေး​ဖြင့်​ထွေး​၍ ဒူးထောက်​လျက် ရှိခိုးကြ၏။ 20ထိုသို့ ပြက်ရယ်ပြုကြ​ပြီးနောက် ခရမ်းရောင်​ဝတ်ရုံ​ကို ချွတ်​၍ အဝတ်တော်​ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ခေါ်ဆောင်သွားကြ၏။
လက်ဝါးကပ်တိုင်​၌ သတ်ခြင်း
21ထို​အချိန်​၌ စစ်သားများ​သည် တောရွာ​မှ ပြန်လာသော ကုရေနေမြို့သား#15:21 “ကုရေနေ” သည် မြောက်အာဖရိက​တွင်းမှ မြို့​တစ်မြို့​ဖြစ်သည်။ ရှိမုန်​ကို​တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။ ရှိမုန်​သည် အလက်ဇန်းဒါး​နှင့် ရုဖု​တို့​၏ ဖခင်​ဖြစ်၏။
22ထို့နောက် သူတို့​သည် ယေရှု​ကို ဂေါလဂေါသ​ဟု ခေါ်သော​အရပ်​သို့ ခေါ်ဆောင်သွားကြ၏။ ဂေါလဂေါသ​၏ အဓိပ္ပာယ်​မှာ ဦးခေါင်းခွံ​ဖြစ်၏။ 23စစ်သားများ​က မုရန်​နှင့် ရောစပ်ထားသော​စပျစ်ဝိုင်​ကို ကိုယ်တော်​အား တိုက်ကြ၏။ သို့သော် ကိုယ်တော်​သည် သောက်တော်မမူ။
24ထို့နောက် သူတို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထားကြ၏။ ယေရှု​၏​အဝတ်တော်တို့​ကို မည်သူ​က မည်သည့်​အရာ​ရရှိမည်​ကို မဲနှိုက်​၍ အသီးသီး ခွဲဝေကြ၏။ 25ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်သည့်​အချိန်​မှာ နံနက်​ကိုးနာရီ​ခန့်#15:25 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “တတိယ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “တတိယ​နာရီ” ဟု ဆိုရာ​တွင် နံနက်​ကိုးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။ ဖြစ်၏။ 26ယေရှု​ကို စွဲချက်တင်​၍ ရေးထိုးထားသည့် ကမ္ပည်း​မှာ “ဂျူးတို့​၏ ရှင်ဘုရင်” ဟူ၍ ဖြစ်၏။ 27ဓားပြ​နှစ်ဦး​ကိုလည်း ယေရှု​နှင့်အတူ လက်ယာတော်ဘက်​တွင် တစ်ဦး၊ လက်ဝဲတော်ဘက်​တွင် တစ်ဦး လက်ဝါးကပ်တိုင်​တွင် ရိုက်ထားကြ၏။ 28သို့ဖြစ်၍ “သူ​သည် ရာဇဝတ်​မှု ကျူးလွန်သူများ​စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏”#15:28 ဟေရှာ ၅၃:၁၂။ ဟူသော ကျမ်းချက်​အတိုင်း ဖြစ်လာလေ၏။#15:28 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။
29ဖြတ်သန်း​သွားလာ​သူတို့​သည် ခေါင်းခါ​လျက် “ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ… 30သင့်ကိုယ်သင်​ကယ်​၍ လက်ဝါးကပ်တိုင်​မှ ဆင်းလော့” ဟု ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။
31ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​ကလည်း “သူ​သည် တစ်ပါးသူတို့​ကို ကယ်တင်၏။ မိမိ​ကိုယ်ကိုယ်​မူ မကယ်တင်နိုင်ပေ။ 32အစ္စရေးတို့​၏​ရှင်ဘုရင်​ဟူသော ခရစ်တော်​သည် လက်ဝါးကပ်တိုင်​မှ ဆင်းလာပါစေ။ ဆင်းသည်​ကို ငါတို့​မြင်​လျှင် ယုံကြည်မည်” ဟု အော်ဟစ်​၍ ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထားခြင်း​ခံရသော​ဓားပြများ​ကလည်း ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။
အသက်​ချုပ်တော်မူခြင်း
33မွန်းတည့်ချိန်#15:33 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဆဋ္ဌမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဆဋ္ဌမ​နာရီ” ဟု ဆိုရာ​တွင် မွန်းတည့် ဆယ့်နှစ်​နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​မှစ၍ မွန်းလွဲ​သုံးနာရီ#15:33 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “နဝမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “နဝမ​နာရီ” ဟု ဆိုရာ​တွင် မွန်းလွဲ သုံးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​တွင် အမှောင်ဖုံးလေ၏။ 34မွန်းလွဲ​သုံးနာရီ​အချိန်ခန့်​တွင် ယေရှု​က “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်​စွာ အော်ဟစ်တော်မူ၏။ ထို​စကား​၏​အဓိပ္ပာယ်​မှာ “အကျွန်ုပ်​ဘုရား… အကျွန်ုပ်​ဘုရား… အကျွန်ုပ်​ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း”#15:34 ဆာ ၂၂:၁။ ဟူ၍ ဖြစ်၏။
35အနီး​တွင် ရပ်နေသော​လူ​တချို့​သည် ထို​စကား​ကို ကြား​လျှင် ယေရှု​သည် ပရောဖက်​ဧလိယ​ကို ခေါ်သည်​ဟု ထင်မှတ်ကြ၏။ 36ထို​သူတို့​ထဲမှ လူ​တစ်ဦး​သည် ချက်ချင်း​ပြေး​၍ အချဉ်​ဖောက်ထားသော​စပျစ်ဝိုင်​၌ ရေမြှုပ်​ကို နှစ်​ပြီးလျှင် ကျူရိုးဖျား​၌ ချည်​လျက် ယေရှု​သောက်​ရန် ပေးလေ၏။ ထို့နောက် သူ​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို လက်ဝါးကပ်တိုင်​ပေါ်မှ အောက်​သို့ ချ​ရန် လာမည်​မလာမည်​ကို ကြည့်ကြစို့” ဟု ဆို၏။
37ထို့နောက် ယေရှု​သည် ကျယ်လောင်သော​အသံဖြင့် နောက်တစ်ကြိမ်​အော်ဟစ်တော်မူ​ပြီးလျှင် အသက်​ချုပ်တော်မူ၏။ 38ထိုအခါ ဗိမာန်တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်ခြမ်း​ကွဲလေ၏။
39ယေရှု​ရှေ့တော်တွင် ရပ်နေသော ရောမ​တပ်မှူး​သည် ယေရှု​၏ အသက်​ချုပ်တော်မူပုံ​ကို တွေ့မြင်ရ​သောအခါ “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။
40အမျိုးသမီး​တချို့​သည် အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။ ထို​သူတို့​အထဲတွင် မာဂဒလမာရိ၊ ယာကုပ်​အငယ်​နှင့် ယောသေ​တို့​၏ မိခင်​ဖြစ်သော မာရိ​နှင့် ရှာလုံ​တို့ ပါကြ၏။ 41သူတို့​သည် ဂါလိလဲပြည်​၌ ယေရှု​ရှိတော်မူ​စဉ် နောက်တော်​သို့ လိုက်​၍ လုပ်ကျွေး​ပြုစုခဲ့သူများ ဖြစ်ကြ၏။ ထို​သူတို့​အပြင် ယေရှု​နှင့်အတူ ဂျေရုဆလင်မြို့​သို့ လိုက်ပါလာကြသော အခြား​အမျိုးသမီးများ​သည်လည်း ထို​နေရာ​တွင် ရှိကြ၏။
ယေရှု​ကို သင်္ဂြိုဟ်ခြင်း
42ထို​နေ့​သည် ပြင်ဆင်ရာနေ့​ဟူသော​အဖိတ်နေ့​ဖြစ်၏။ ညနေစောင်း​သောအခါ 43ဂုဏ်သရေရှိသော​တရားလွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံတော်​ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်​သည် ပိလတ်မင်း​ထံသို့ ရဲရင့်​စွာ သွား​၍ ယေရှု​၏ အလောင်းတော်​ကို တောင်းလေ၏။ 44ယေရှု​အသက်​ချုပ်တော်မူပြီ​ဖြစ်ကြောင်း​ကို ပိလတ်မင်း​သည် ကြား​သောအခါ အံဩ​၍ ရောမ​တပ်မှူး​ကို ခေါ်​ကာ အသက်​ချုပ်တော်မူသည်​မှာ ဟုတ်မဟုတ် မေးမြန်း၏။ 45ရောမ​တပ်မှူး​ထံမှ ဟုတ်မှန်ကြောင်း​ကို ကြားသိ​သောအခါ ပိလတ်မင်း​သည် ယောသပ်​အား အလောင်းတော်​ကို ယူခွင့်ပြု၏။ 46ယောသပ်​သည် ပိတ်ချော​ကို ဝယ်​ပြီးလျှင် အလောင်းတော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ ချ​၍ ထို​ပိတ်ချော​ဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်​ကို​ထွင်းထားသည့်​သင်္ချိုင်းဂူ​တွင် အလောင်းတော်​ကို သင်္ဂြိုဟ်​ပြီးလျှင် ဂူဝ​၌ ကျောက်တုံး​ကို လှိမ့်​၍ ပိတ်ထား၏။ 47မာဂဒလမာရိ​နှင့် ယောသေ​၏ မိခင်​မာရိ​တို့​သည် အလောင်းတော် သင်္ဂြိုဟ်သော​နေရာ​ကို တွေ့မြင်ကြ၏။

လက်ရှိရွေးချယ်ထားမှု

မာကု 15: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ