John 1
1
1အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားရှင်နှင့်အတူရှိ၍ နှုတ်ကပတ်တော်သည်လည်း ဘုရားရှင်ဖြစ်တော်မူ၏။ 2နှုတ်ကပတ်တော်သည် အစဦးကတည်းကပင် ဘုရားရှင်နှင့်အတူရှိတော်မူ၏။ 3ဘုရားရှင်သည် နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသဖြင့် နှုတ်ကပတ်တော်မပါဘဲ ဖန်ဆင်းထားသောအရာဟူ၍ တစ်ခုသော်မျှမရှိ။ 4နှုတ်ကပတ်တော်သည် မူလအသက်ဖြစ်၍ ထိုအသက်သည် လူသားအပေါင်းတို့၏အလင်း ဖြစ်တော်မူ၏။ 5ထိုအလင်းသည် အမှောင်ထုထဲ၌ လင်း၍ အမှောင်ထုသည် ထိုအလင်းကို မလွှမ်းမိုးနိုင်။ 6ဘုရားရှင်ထံမှ စေလွှတ်ခြင်းကိုခံရသည့် ရေနှစ်မင်္ဂလာဆရာယောဟန်ဟုအမည်ရှိသော လူတစ်ဦးပေါ်ထွန်းလာ၏။ 7လူအပေါင်းတို့သည် သူ၏သက်သေထွက်ဆိုချက်ကို ကြားကြ၍ ယုံကြည်ခြင်းသို့ ရောက်ကြစေရန် သူသည် ထိုအလင်း၏အကြောင်းကို သက်သေတစ်ဦးအဖြစ် ထွက်ဆိုရန်လာခြင်းဖြစ်၏။ 8ယောဟန်ကိုယ်တိုင်သည် အလင်းမဟုတ်၊ သူသည် အလင်း၏အကြောင်းကို သက်သေခံရန်သာ လာရောက်ခြင်းဖြစ်၏။ 9ဤစစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူသားအားလုံးအပေါ်တွင် ထွန်းလင်းသည့် အလင်းကိုပေးသောအရှင်ပင်ဖြစ်၏။ 10ထိုအရှင်သည် ဤလောကတွင် ရှိနှင့်တော်မူ၍ ဘုရားရှင်သည် ထိုသူအားဖြင့် ဤလောကကို ဖန်ဆင်းတော်မူသော်လည်း ဤလောကသည် သူ့အားသိမြင်ခြင်းမရှိ။ 11သူသည် မိမိ၏အရပ်ဖြစ်သော ဤလောကသို့ ကြွလာသော်လည်း သူ၏လူမျိုးအပေါင်းတို့သည် သူ့အား လက်ခံကြိုဆိုခြင်းမရှိကြ။ 12သို့ရာတွင် လူအချို့သည် ထိုအရှင်ကို ကြိုဆိုလက်ခံကာ ယုံကြည်ခဲ့ကြသဖြင့် သူသည် ထိုသူတို့အား ဘုရားရှင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ 13ထိုသူတို့သည် သဘာဝအတိုင်း မွေးဖွားလာ၍သော်လည်းကောင်း၊ လူ့အလိုကြောင့်သော်လည်းကောင်း၊ လင်ယောကျ်ားတစ်ဦး၏ဆန္ဒကြောင့်သော်လည်းကောင်း ဘုရားရှင်၏သားသမီးများ ဖြစ်လာကြသည်မဟုတ်။ ထိုသူတို့သည် ဘုရားရှင်၏အလိုတော်ကြောင့်သာ ဘုရားရှင်၏သားသမီးများဖြစ်လာကြခြင်းဖြစ်၏။ 14နှုတ်ကပတ်တော်သည် ကရုဏာတော်နှင့်လည်းကောင်း၊ သစ္စာတရားတော်နှင့်လည်းကောင်း ပြည့်စုံလျှက် လူသားအဖြစ်ကိုခံယူကာ ကျွန်ုပ်တို့အကြားတွင် စံမြန်းတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်တို့သည်လည်း ဘုရားရှင်ဖြစ်တော်မူသည့် အဖဘုရား၏တစ်ပါးတည်းသောသားတော်အဖြစ် လက်ခံရရှိသည့် သူ၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ 15ရေနှစ်မင်္ဂလာဆရာယောဟန်သည် ထိုအရှင်၏အကြောင်းကို လူတို့အား ကြွေးကြော်၍ သက်သေခံသည်မှာ “‘ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါမတည်ရှိခင်ကပင် ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ပို၍ကြီးမြတ်သည်’ ဟုငါဆိုခဲ့သည်မှာ ဤသူ့ကို ဆိုခြင်းဖြစ်၏” ဟူ၍ဖြစ်သည်။ 16ထိုသူ၏ပြည့်ဝသော ကရုဏာတော်ထဲမှ အကျွန်ုပ်တို့သည်လည်း ကရုဏာတော်အပေါ် ထပ်ဆင့်၍ ကရုဏာတော်ကို ခံစားရကြပြီ။ 17ဘုရားရှင်သည် ပညတ်တရားတော်ကို မောရှေအားဖြင့် ပေးထားသော်လည်း ကရုဏာတော်နှင့် သစ္စာတရားတော်တို့မူကား ယေရှုခရစ်တော်အားဖြင့် ဖြစ်လာ၏။ 18ဘုရားရှင်ကို အဘယ်သူမျှ မမြင်ဖူးသော်လည်း၊ အဖဘုရား၏ရင်ခွင်၌ရှိတော်မူသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားရှင်ကို သိသာထင်ရှားစေတော်မူ၏။ 19ဂျူးဘာသာရေးအကြီးအကဲများက ဂျေရုဆလင်မြို့မှ အချို့သော ဂျူးပုရောဟိတ်များနှင့် လေဝိလူမျိုးများကို ရေနှစ်မင်္ဂလာဆရာယောဟန်ထံသို့ စေလွှတ်၍ သင်သည်မည်သူဖြစ်သနည်းဟု မေးမြန်းစေသောအခါ ယောဟန်သည် ဤသို့သက်သေခံထွက်ဆိုခဲ့၏။ 20ယောဟန်သည် ဖြေကြားရန် ငြင်းပယ်ခြင်းမရှိဘဲ အတိအလင်းဝန်ခံထွက်ဆိုသည်မှာ “ငါသည် မေရှိယမဟုတ်” ဟူ၍ဖြစ်၏။ 21ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည် ဧလိယလော” ဟုမေးကြရာ ယောဟန်က “မဟုတ်ပါ” ဟုဖြေလေ၏။ထိုသူတို့က ထပ်မံ၍ “သင်သည် အရိယာသူတော်စင်လော” ဟုမေးကြရာ ယောဟန်က “မဟုတ်ပါ” ဟူ၍သာ ဖြေကြားလေ၏။ 22ထိုအခါ သူတို့က “သို့ဆိုလျှင် သင်သည် မည်သူနည်း။ ကျွန်ုပ်တို့ကို စေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် အဖြေတစ်ခုပေးပါလော့။ သင့်အကြောင်းကို သင်မည်သို့ဆိုမည်နည်း” ဟုဆိုကြလေ၏။ 23ယောဟန်ကလည်း အရိယာသူတော်စင်ဟေရှာယ ဟောပြောခဲ့သည့်စကားတို့ဖြင့် ဖြေကြားသည်မှာ “ငါသည် ‘အရှင်၏လမ်းကို ဖြောင့်တန်းစေကြလော့’ ဟုတောကန္တာရ၌ ဟစ်ကြော်သောသူ၏အသံဖြစ်၏” ဟုဆိုလေ၏။ 24ထို့နောက် ဖာရိရှဲတို့ စေလွှတ်လိုက်သောလူအချို့ကလည်း 25ယောဟန်အား “သင်သည် မေရှိယလည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ အရိယာသူတော်စင်လည်းမဟုတ်လျှင် အဘယ်ကြောင့် ရေနှစ်မင်္ဂလာပေးသနည်း” ဟုမေးကြလေ၏။ 26ယောဟန်က “ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော် သင်တို့အလယ်၌ သင်တို့မသိကြသောအရှင်တစ်ပါး ရပ်လျက်ရှိ၏။ 27ထိုအရှင်သည် ငါ့နောက်မှ ကြွလာသော်လည်း ငါသည် သူ၏ဖိနပ်ကြိုးကိုပင် ဖြေပေးရန် မထိုက်တန်ပါ” ဟုဖြေကြားလေ၏။ 28ဤအခြင်းအရာတို့သည် ယောဟန်ရေနှစ်မင်္ဂလာပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာ၌ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ 29နောက်တစ်နေ့၌ ရေနှစ်မင်္ဂလာဆရာယောဟန်သည် မိမိထံသို့ ကိုယ်တော်ယေရှု ကြွလာတော်မူသည်ကို မြင်လျှင် သူသည် လူတို့အား “ဤလောက၏အပြစ်ဒုစရိုက်ကို ဖယ်ရှားပေးသည့် ဘုရားရှင်၏သိုးသငယ်တော်ကို ကြည့်ကြလော့။ 30‘ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါမတည်ရှိခင်ကပင် ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ပို၍ကြီးမြတ်သည်’ ဟုငါဆိုခဲ့သည်မှာ ဤသူ့ကို ပြောခြင်းဖြစ်၏။ 31ငါသည်လည်း အစက သူမည်သူမည်ဝါဖြစ်မည်ကို မသိ။ သို့ရာတွင် အစ္စရေးလူမျိုးတို့ရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေနှစ်မင်္ဂလာပေးလျက်နေသည်” ဟုဆို၏။ 32ထို့နောက် ယောဟန်သည် “ဉာဏ်အလင်းတော်သည် ချိုးငှက်အသွင်ဖြင့် ရွှေမြို့တော်မှ ဆင်းသက်လာကာ ထိုသူအပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ 33ဤအချိန်မတိုင်မီက ငါသည်လည်း သူ့ကိုမသိသေး။ သို့သော် ရေနှစ်မင်္ဂလာပေးရန်အတွက် ငါ့အား စေလွှတ်တော်မူသော ဘုရားရှင်က ငါ့ကို ပြောကြားသည်မှာ ‘ဉာဏ်အလင်းတော်သည် ဆင်းသက်၍ လူတစ်ဦးအပေါ်၌ နားခိုလိမ့်မည်။ သူသည် ဉာဏ်အလင်းတော်အားဖြင့် နှစ်ခြင်းမင်္ဂလာပေးမည့်သူဖြစ်၏’ ဟူ၍ဖြစ်သည်။ 34ယခု ငါ့အား မိန့်ကြားထားသည့်အတိုင်း ဤအဖြစ်အပျက်ကို ငါမြင်ရပြီဖြစ်သဖြင့် ဤသူသည် ဘုရားရှင်၏သားတော်ဖြစ်တော်မူသည်ဟု ငါသက်သေခံထွက်ဆို၏” ဟုဆိုလေ၏။ 35နောက်တစ်နေ့တွင် ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏နောက်လိုက်နှစ်ဦးနှင့်အတူ တဖန် ထိုနေရာ၌ ရပ်နေစဉ် 36ကိုယ်တော်ယေရှု လမ်းလျှောက်လာသည်ကို မြင်သဖြင့် သူက “ကြည့်ကြလော့။ သူသည် ဘုရားရှင်၏သိုးသငယ်တော်ပေတည်း” ဟုဆို၏။ 37ယောဟန်၏နောက်လိုက်နှစ်ဦးတို့သည်လည်း ထိုစကားကိုကြားလျှင် ကိုယ်တော်ယေရှုနောက်တော်သို့ လိုက်ပါသွားကြ၏။ 38ကိုယ်တော်သည် လှည့်၍ သူ့နောက်သို့ လိုက်လာကြသူတို့ကို မြင်လျှင် “သင်တို့ မည်သည်ကိုအလိုရှိကြသနည်း” ဟုမေးတော်မူရာ ထိုသူတို့က “ဆရာ၊ မည်သည့်အရပ်၌ နေပါသနည်း” ဟုမေးလျှောက်ကြ၏။ 39ကိုယ်တော်ကလည်း ”လာ၍ ကြည့်ကြလော့” ဟုမိန့်တော်မူသဖြင့် ထိုသူနှစ်ဦးသည် ကိုယ်တော်ယေရှုနှင့် လိုက်ပါသွားကာ ကိုယ်တော်နေထိုင်သောနေရာကို မြင်ကြပြီးနောက် ထိုနေ့တစ်နေ့တာလုံးကုန်ဆုံးသည်အထိ သူတို့သည် ကိုယ်တော်နှင့်အတူ ရှိနေခဲ့ကြ၏။ အချိန်ကား ညနေလေးနာရီခန့်ဖြစ်၏။ 40ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏နောက်တော်သို့လိုက်ပါသွားသောသူနှစ်ဦးအနက်မှတစ်ဦးသည် ရှိမုန်ပေတရု၏ညီ အန္ဒြေဖြစ်၏။ 41အန္ဒြေသည် ဦးစွာပထမ မိမိအစ်ကိုဖြစ်သူရှိမုန်ကို တွေ့ဆုံ၍ “မေရှိယကို အကျွန်ုပ်တို့ တွေ့ကြပြီ” ဟုဆိုလေ၏။ (မေရှိယ၏အဓိပ္ပါယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) 42ထို့နောက် သူသည် ရှိမုန်ကို ကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာသောအခါ
ကိုယ်တော်က ရှိမုန်ကို ကြည့်တော်မူ၍ “ယောဟန်၏သား ရှိမုန်၊ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပါယ်မှာ ကျောက်တုံး ဖြစ်ပြီး ဂရိဘာသာစကားဖြင့် ပေတရုနှင့်အတူတူပင်ဖြစ်သည်။) 43နောက်တစ်နေ့တွင် ကိုယ်တော်ယေရှုသည် ဂါလိလဲပြည်သို့ သွားရောက်ရန်အလိုတော်ရှိ၏။ ထိုအချိန်၌ ဖိလိပ္ပုကို တွေ့သဖြင့် “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ 44ဖိလိပ္ပုသည် အန္ဒြေနှင့် ပေတရုတို့၏ဇာတိဖြစ်သော ဗက်ဇဲဒမြို့မှ လာသောသူဖြစ်၏။ 45ထို့နောက် ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ အရိယာသူတော်စင်တို့ရေးသားခဲ့သည်တို့၌လည်းကောင်း ဖော်ပြထားသောသူကို အကျွန်ုပ်တို့ တွေ့ကြပြီ။ ထိုသူသည် ယောသပ်၏သားဖြစ်သူ နာဇရက်မြို့သား ယေရှုဖြစ်၏” ဟုဆိုလေ၏။ 46နာသနေလကလည်း “နာဇရက်ကဲ့သို့သောအရပ်မှ ကောင်းသောအရာတစ်စုံတစ်ခု ပေါ်ထွက်နိုင်သလော” ဟုဆိုသော် ဖိလိပ္ပုက “လာ၍ ကြည့်ပါလော့” ဟုဆိုလေ၏။ 47ကိုယ်တော်ယေရှုသည် မိမိထံသို့ နာသနေလ လာနေသည်ကို မြင်တော်မူလျှင် “စဉ်းလဲခြင်းမရှိသည့် စစ်မှန်သောအစ္စရေးအမျိုးသားကို ကြည့်ကြလော့” ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူလေ၏။ 48နာသနေလကလည်း ကိုယ်တော်အား “အကျွန်ုပ်ကို မည်သို့သိပါသနည်း” ဟုမေးလျှောက်သော် ကိုယ်တော်က “ငါသည် သင့်အား ဖိလိပ္ပုမခေါ်မီကတည်းကပင် သဖန်းပင်အောက်တွင် ထိုင်နေသည်ကို မြင်၏” ဟုမိန့်တော်မူ၏။ 49ထိုအခါ နာသနေလက “ဆရာ၊ ဆရာသည် ဘုရားရှင်၏သားတော်ဖြစ်ပါ၏။ ဆရာသည် အစ္စရေး၏ရှင်ဘုရင်လည်း ဖြစ်ပါ၏” ဟုလျှောက်တင်လေ၏။ 50ကိုယ်တော်ယေရှုက “သင်သည် သဖန်းပင်အောက်၌ ရှိနေစဉ်ကပင် သင့်အား ငါမြင်သည်ဟု ဆိုသဖြင့် ဤသို့ယုံကြည်သလော။ ဤမျှမက ကြီးကျယ်မြင့်မြတ်သောအရာတို့ကို သင်မြင်ရလိမ့်မည်” ဟုသူ့အား မိန့်တော်မူပြီးလျှင် 51ကိုယ်တော်သည် သူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် ရွှေမြို့တော်ဟင်းလင်းပွင့်၍ ဘုရားရှင်၏နတ်ဒေဝါတို့သည် လူ့သားတော်ထံသို့ ဆင်းသက်လာသည်ကိုလည်းကောင်း၊ ပြန်လည်တက်ကြွကြသည်ကိုလည်းကောင်း မြင်ရကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။
Iliyochaguliwa sasa
John 1: TPV-RV
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.