လုကာ 18
18
ဇွဲမလျော့သောမုဆိုးမပုံဥပမာ
1ယေရှုသည် တပည့်တော်တို့အား အားမလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူ၏။ 2ကိုယ်တော်က “မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်၊ လူကို အလေးမထားသော တရားသူကြီးတစ်ဦး ရှိ၏။ 3ထိုမြို့တွင် တရားသူကြီးထံသို့ အကြိမ်ကြိမ်လာ၍ ‘ကျွန်မဘက်တွင် နေကာ ကျွန်မ၏တရားယှဉ်ဘက်အား တရားမျှတစွာ စီရင်ပေးပါ’ ဟု အသနားခံတတ်သော မုဆိုးမတစ်ဦးရှိ၏။ 4တရားသူကြီးသည် တရားမစီရင်ဘဲ အချိန်အတန်ကြာသည်အထိ လျစ်လျူရှုလေ၏။ သို့သော် သူက ‘ငါသည် ဘုရားသခင်ကို မကြောက်၊ လူကို အလေးမထားသော်လည်း 5ဤမုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့် သူ့အတွက် တရားမျှတစွာ စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဆက်မပြတ်လာ၍ ငါ့ကိုစိတ်ပင်ပန်းစေမည်’ ဟု တွေးတောလေ၏” ဟု မိန့်တော်မူ၏။
6ထို့နောက် သခင်ဘုရားက “ဤမတရားသောတရားသူကြီး၏စကားကို မှတ်ကြလော့။ 7မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။ 8သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသား#18:8 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။ပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
ဖာရိရှဲနှင့် အခွန်ကောက်သူများ
9ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။ 10ကိုယ်တော်က “လူနှစ်ဦးသည် ဆုတောင်းရန် ဗိမာန်တော်သို့ သွားကြ၏။ တစ်ဦးမှာ ဖာရိရှဲ#18:10 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာ လိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။ဖြစ်၍ အခြားတစ်ဦးမှာ အခွန်ကောက်သူဖြစ်၏။ 11ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။ 12အကျွန်ုပ်သည် တစ်ပတ်လျှင်နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသောအရာများထဲမှ ဆယ်ပုံတစ်ပုံကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။
13အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။ 14သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
ကလေးငယ်များကို ကောင်းချီးမင်္ဂလာပေးတော်မူခြင်း
15တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် မြင်လျှင် ထိုသူတို့ကို ဟန့်တားကြ၏။
16သို့သော် ယေရှုသည် ကလေးငယ်များကို ခေါ်၍ တပည့်တော်တို့အား “ကလေးငယ်များ ငါ့ထံ လာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံတော်ဖြစ်၏။ 17သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ချမ်းသာကြွယ်ဝသောသူ
18ဘာသာရေးခေါင်းဆောင်တစ်ဦးက ယေရှုအား “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
19ယေရှုက “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ မကောင်းမြတ်ပါ။ 20‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော”#18:20 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀။ ဟု မိန့်တော်မူ၏။
21ထိုသူကလည်း “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
22ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
23ထိုသူသည် ချမ်းသာကြွယ်ဝသူဖြစ်သောကြောင့် ဤစကားကို ကြားသော် အလွန်ဝမ်းနည်းလေ၏။
24ထိုသို့ ဝမ်းနည်းသည်ကို ယေရှုမြင်တော်မူလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။ 25အမှန်စင်စစ် ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်ထဲသို့ လျှိုဝင်ရန် ပို၍လွယ်ကူသည်” ဟု မိန့်တော်မူ၏။
26ထိုစကားကို ကြားသောသူတို့က “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
27ယေရှုကလည်း “လူ့အနေနှင့် မဖြစ်နိုင်သည့်အရာများကို ဘုရားသခင်တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှအိုးအိမ်ကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
29ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏နိုင်ငံတော်အတွက် မိမိအိမ်၊ ဇနီး၊ ညီအစ်ကို၊ မိဘ၊ သို့မဟုတ် သားသမီးတို့ကို စွန့်လွှတ်လျှင် 30ထိုသူသည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက နောင်ဘဝတွင်လည်း ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်အကြောင်းကို ထပ်မံ၍ ကြိုတင်ဟောတော်မူခြင်း
31ထို့နောက် ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသား၏အကြောင်းနှင့်ပတ်သက်၍ ပရောဖက်တို့၏ကြိုတင်ဟောပြောချက်ရှိသမျှတို့သည် ဖြစ်ပျက်လိမ့်မည်။ 32လူသားသည် လူမျိုးခြားတို့၏လက်သို့ အပ်နှံခြင်းခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကို ခံရလိမ့်မည်။ 33ထို့နောက် သူတို့သည် လူသားကို ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
34သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်ခုကိုမျှ နားမလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာများ၏အနက်အဓိပ္ပာယ်ကို သူတို့ထံမှ ဝှက်ထားလျက်ရှိသောကြောင့် နားမလည်နိုင်ကြခြင်းဖြစ်၏။
မျက်မမြင်သူတောင်းစားတစ်ဦးအား မျက်စိမြင်စေတော်မူခြင်း
35ယေရှုသည် ဂျေရိခေါမြို့အနီးသို့ ရောက်တော်မူစဉ် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ ထိုင်၍ တောင်းရမ်းလျက်နေ၏။ 36ထိုသူသည် လူအုပ်ဖြတ်သွားသံကို ကြားသောအခါ ထိုအကြောင်းကို မေးလေ၏။ 37လူများတို့က နာဇရက်မြို့သားယေရှု ဖြတ်ကြွကြောင်း သူ့အား ပြောပြကြ၏။ 38ထိုသူက “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
39ရှေ့တွင်သွားသောသူများက သူ့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
40ယေရှုသည် ရပ်တော်မူ၍ ထိုသူကို မိမိထံသို့ ခေါ်လာရန် အမိန့်ပေးတော်မူ၏။ ထိုသူသည် အနားသို့ ရောက်လာသောအခါ 41ယေရှုက “သင့်အတွက် မည်သို့ပြုစေလိုသနည်း” ဟု မေးတော်မူသော် ထိုသူက “သခင်… အကျွန်ုပ်မျက်စိကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
42ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ 43ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
Seçili Olanlar:
လုကာ 18: BCB
Vurgu
Paylaş
Kopyala
Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.