လုကာ 19
19
ယေရှုနှင့် ဇက္ခဲ
1ထို့နောက် ယေရှုသည် ဂျေရိခေါမြို့သို့ ဝင်၍ ဖြတ်ကြွတော်မူ၏။ 2ထိုအရပ်တွင် ဇက္ခဲဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် အကောက်ခွန်အရာရှိတစ်ဦးဖြစ်ပြီး ချမ်းသာသောသူ ဖြစ်၏။ 3သူသည် ယေရှုမည်သို့သောသူဖြစ်သည်ကို မြင်နိုင်ရန် ကြိုးပမ်းသော်လည်း အရပ်နိမ့်သောကြောင့် လူအုပ်ကြီးအား ကျော်၍ ယေရှုကို မမြင်နိုင်ပေ။ 4ထို့ကြောင့် သူသည် ယေရှုကို မြင်နိုင်ရန် ယေရှုကြွတော်မူမည့်လမ်းအတိုင်း ရှေ့သို့ကြိုပြေးသွား၍ သဖန်းပင်ပေါ်သို့ တက်လေ၏။
5ထိုနေရာသို့ ယေရှုရောက်တော်မူသောအခါ အပေါ်သို့ မော့ကြည့်ပြီးလျှင် “ဇက္ခဲ… အမြန်ဆင်းခဲ့လော့။ ယနေ့ သင့်အိမ်တွင် ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
6ဇက္ခဲသည်လည်း အလျင်အမြန်ဆင်း၍ ကိုယ်တော်ကို ဝမ်းသာစွာကြိုဆိုလေ၏။ 7ထိုအဖြစ်အပျက်ကို မြင်သောသူများက “ယေရှုသည် အပြစ်ရှိသူတစ်ဦး၏အိမ်တွင် တည်းခိုရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်ပြောဆိုကြ၏။
8ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
9ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။ 10အဘယ်ကြောင့်ဆိုသော် လူသား#19:10 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် ပျောက်ဆုံးနေသောသူများကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
အစေခံဆယ်ဦး ပုံဥပမာ
11လူထုပရိသတ်သည် ယေရှုမိန့်တော်မူသမျှကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ကိုယ်တော်သည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏နိုင်ငံတော်ချက်ချင်းပေါ်ထွန်းလာတော့မည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။ 12ယေရှုက “မင်းသားတစ်ပါးသည် ရှင်ဘုရင်အရာကို ခံယူပြီးပြန်လာရန် ဝေးသောတိုင်းပြည်သို့ သွားလေ၏။ 13ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာ#19:13 ထိုပိဿာကို ရှေးခေတ်ဂရိနိုင်ငံ၏ငွေကြေးစနစ်ဖြစ်သည့်၊ မိနမှပြောင်းလဲသုံးနှုန်းထားသည်။ ၎င်းသည် ဆီးမိုက်လူမျိုးတို့ထံမှ ယူသုံးထားသောမွေးစားစကားလုံးဖြစ်ပြီး တစ်မိန (ငွေတစ်ပိဿာ) သည် သုံးလစာလုပ်အားခနှင့်ညီမျှသည်။စီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။ 14သို့သော် သူ၏ပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် သူ၏နောက်တွင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လွှတ်လိုက်၍ ‘ငါတို့သည် ဤသူ၏အုပ်ချုပ်မှုကို မခံလိုပါ’ ဟု ဧကရာဇ်ထံ လျှောက်စေကြ၏။
15ထို့နောက် ထိုမင်းသားသည် မိမိတိုင်းပြည်အုပ်ချုပ်ခွင့်ကို ရယူပြီး ပြန်လာသောအခါ ငွေလက်ခံရရှိထားသောအစေခံများသည် စီးပွားပြုခြင်းမှ အမြတ်အစွန်းမည်မျှရသည်ကို သိလိုသဖြင့် သူတို့အား ဆင့်ခေါ်ရန် မိန့်လေ၏။ 16ပထမအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေဆယ်ပိဿာရပါ၏’ ဟု လျှောက်လေ၏။
17သူက ‘ကောင်းပေ၏။ သင်သည်အစေခံကောင်းဖြစ်၏။ အမှုကိစ္စငယ်လေးတွင်ပင် သင်သည် သစ္စာရှိသောကြောင့် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
18ဒုတိယအစေခံသည် ရောက်လာ၍ ‘သခင်… သခင့်ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေငါးပိဿာရပါ၏’ ဟု လျှောက်လေ၏။
19ထိုသူကိုလည်း သခင်က ‘သင်သည် မြို့ငါးမြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
20-21အခြားသောအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာကို ကြည့်တော်မူပါ။ သခင်သည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကိုလည်း ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို အကျွန်ုပ်ကြောက်ရွံ့၍ ဤပဝါထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
22သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင် 23ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွ ပြန်အပ်နိုင်ရန် အဘယ်ကြောင့် ဘဏ်ထဲသို့မထည့်ဘဲ နေသနည်း’ ဟု ထိုသူအားဆို၏။
24ထို့နောက် သူက အခြွေအရံတို့အား ‘သူ့ထံမှ ငွေကိုယူ၍ ငွေဆယ်ပိဿာရသောသူအား ပေးကြလော့’ ဟု ဆိုလေ၏။
25ထိုလူတို့က ‘သခင်… ထိုသူ့ထံတွင် ငွေဆယ်ပိဿာ ရှိပြီးဖြစ်ပါသည်’ ဟု လျှောက်ကြ၏။
26ထိုသခင်က ‘ရှိသောသူတို့အား များစွာထပ်၍ ပေးသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။ 27ထို့ပြင် ငါ၏အုပ်ချုပ်မှုကို မလိုလားသောရန်သူများကို ဤနေရာသို့ ခေါ်လာ၍ ငါ့ရှေ့တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့သို့ အောင်ပွဲခံ၍ ဝင်ရောက်တော်မူခြင်း
28ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ တပည့်တော်တို့ ရှေ့မှကြွနှင့်တော်မူ၏။ 29သံလွင်ဟု အမည်တွင်သော တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ တပည့်တော်နှစ်ပါးအား သွားနှင့်စေ၍ 30“သင်တို့ရှေ့တွင် ရှိသောရွာသို့ သွားကြလော့။ မည်သူမျှ မစီးဖူးသောမြည်းကလေးတစ်ကောင်အား ကြိုးချည်ထားသည်ကို တွေ့မြင်လိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ 31တစ်စုံတစ်ဦးက ‘အဘယ်ကြောင့် မြည်းကလေးကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။
32ထိုစေလွှတ်ခံရသောသူတို့သည် သွားကြသောအခါ ယေရှုမိန့်တော်မူသည့်အတိုင်း မြည်းကလေးကို တွေ့ကြ၏။ 33ထိုသူတို့သည် မြည်းကလေးကိုကြိုးဖြေနေကြစဉ် မြည်းပိုင်ရှင်တို့က “အဘယ်ကြောင့်မြည်းကလေးကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။
34တပည့်တော်တို့ကလည်း “သခင်အသုံးပြုလိုတော်မူသောကြောင့်ဖြစ်သည်” ဟု ပြန်ဖြေကြ၏။ 35ထို့နောက် မြည်းကလေးကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့၏အဝတ်များကိုလည်း မြည်းကလေးပေါ်၌ ခင်းပေး၍ ယေရှုအား မြည်းကလေးပေါ်တွင် စီးစေကြ၏။
36ယေရှုကြွတော်မူစဉ် လူတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ 37သံလွင်တောင်အဆင်းနေရာသို့ ရောက်တော်မူသောအခါ နောက်လိုက်လူထုကြီးတစ်ရပ်လုံးက မိမိတို့မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များကိုထောက်ရှု၍ ကျယ်လောင်သောအသံဖြင့် ဝမ်းသာရွှင်လန်းစွာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ ထိုသူတို့က
38“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။”#19:38 ဆာ ၁၁၈:၂၆။
“ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော”#19:38 ဆာ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
39လူအုပ်ထဲတွင်ပါသော ဖာရိရှဲ#19:39 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာ လိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။တချို့က “ဆရာတော်… ဆရာတော်၏တပည့်တော်များအား ဆုံးမပေးပါ” ဟု လျှောက်ကြ၏။
40သို့သော်လည်း ယေရှုက “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲများသည် ကြွေးကြော်ကြပါလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့အတွက် ငိုကြွေးတော်မူခြင်း
41ဂျေရုဆလင်မြို့နှင့် နီးလာသောအခါ ယေရှုသည် မြို့တော်ကိုမြင်၍ ငိုကြွေးတော်မူလျက် 42“အသင်မြို့တော်… သင်၏ငြိမ်းချမ်းသာယာမှုကို ဖြစ်စေသည့်အရာများကို ယနေ့ပင် သင်သည် သိမြင်ခဲ့ပါက မင်္ဂလာရှိ၏။ သို့သော် ယခုမှာမူ ထိုအရာများကို သင်၏မျက်စိရှေ့မှ ဝှက်ထားလျက်ရှိ၏။ 43သင်၏ရန်သူများသည် သင့်ပတ်လည်တွင် တပ်ချ၍ သင့်ကိုဝန်းရံလျက် အဘက်ဘက်မှ တိုက်ခိုက်သောအချိန် ရောက်လာလိမ့်မည်။ 44သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဗိမာန်တော်အား ရှင်းလင်းတော်မူခြင်း
45ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူကာ 46“ကျမ်းစာတွင် ‘ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရမည်’ ဟု ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ”#19:46 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု မိန့်တော်မူ၏။
47ထို့နောက် ယေရှုသည် ဗိမာန်တော်၌ နေ့စဉ်ဟောပြောသွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ#19:47 ကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သူများ။နှင့် လူထုခေါင်းဆောင်များက ယေရှုကို သတ်ရန် ကြံစည်လျက် နေကြ၏။ 48သို့ရာတွင် လူထုတစ်ရပ်လုံးက ယေရှုမိန့်တော်မူသည့် စကားတော်တိုင်းကို တစိုက်မတ်မတ်နားထောင်လျက်ရှိသောကြောင့် လုပ်ဆောင်ခွင့်ကို မတွေ့နိုင်ကြပေ။
Seçili Olanlar:
လုကာ 19: BCB
Vurgu
Paylaş
Kopyala
Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.