လုကာ 24
24
ရှင်ပြန်ထမြောက်တော်မူခြင်း
1တနင်္ဂနွေနေ့နံနက်စောစောတွင်#24:1 မူရင်းဂရိကျမ်းတွင် “ဥပုသ်နေ့ကုန်လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့” ဟု ပါရှိသည်။ ထိုအမျိုးသမီးတို့သည် ပြင်ဆင်ထားသောအမွှေးနံ့သာများကို ယူဆောင်လျက် သင်္ချိုင်းဂူသို့ သွားကြ၏။ 2သင်္ချိုင်းဂူသို့ရောက်သော် ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို တွေ့မြင်ကြသဖြင့် 3ဂူထဲသို့ ဝင်ကြ၏။ သို့သော် သူတို့သည် သခင်ယေရှု၏အလောင်းတော်ကို မတွေ့ရပေ။ 4ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။
5ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့၍ မိမိတို့၏မျက်နှာများကို မြေပြင်သို့ ငုံ့ထားကြ၏။ ထိုလူနှစ်ဦးက “အသက်ရှင်သောသူကို လူသေများရှိသည့်နေရာတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။ 6-7ထိုအရှင်သည် ဤနေရာတွင် မရှိ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲပြည်၌ ရှိတော်မူစဉ် အရှင်က သင်တို့အား ‘လူသား#24:6-7 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။သည် အပြစ်သားများလက်သို့ အပ်နှံခြင်းကို ခံရမည်။ လက်ဝါးကပ်တိုင်တွင် သတ်ခြင်းခံရမည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်ကို သတိရကြလော့” ဟု ဆိုကြ၏။
8ထိုအခါ အမျိုးသမီးတို့သည် ယေရှု၏စကားတော်ကို ပြန်လည် သတိရကြ၏။ 9ထို့နောက် သင်္ချိုင်းဂူမှပြန်လာ၍ တမန်တော်ဆယ့်တစ်ပါးနှင့် ကျန်ရှိသောသူအပေါင်းတို့အား ပြောပြကြ၏။ 10ဤအကြောင်းအရာများကို တမန်တော်တို့အား ပြောပြကြသောသူများမှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သော မာရိနှင့် အခြားသောအမျိုးသမီးများ ဖြစ်ကြ၏။ 11သို့သော်လည်း ထိုစကားများမှာ တမန်တော်တို့အတွက် အခြေအမြစ်မရှိသကဲ့သို့ ဖြစ်နေ၍ သူတို့သည် မယုံကြချေ။ 12ပေတရုကမူ ထ၍ သင်္ချိုင်းဂူသို့ပြေးလေ၏။ ရောက်လျှင် ငုံ့၍ကြည့်သော် ပိတ်ချောထည်များကိုသာ မြင်လေ၏။ ထို့နောက် ဖြစ်ပျက်ခဲ့သည့်အရာကို အံ့အားသင့်လျက် မိမိအိမ်သို့ပြန်လေ၏။
ဧမောက်ရွာသို့ ကြွတော်မူခြင်း
13ထိုနေ့တွင်ပင် တပည့်တော်နှစ်ဦးသည် ဂျေရုဆလင်မြို့နှင့် ခုနစ်မိုင်ခန့်#24:13 မူရင်းဂရိကျမ်းတွင် ၆၀ စတာဒီယွန်ဟု ဖော်ပြထားသည်။ ၁ စတာဒီယွန်တွင် ၆၀၇ ပေခန့်၊ သို့မဟုတ် ၁၈၇ မီတာရှိသည်။ဝေးသည့် ဧမောက်ဟု ခေါ်သောရွာသို့ သွားကြ၏။ 14သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းများကို အချင်းချင်းပြောဆိုကြ၏။ 15ထိုသို့ ပြောဆိုဆွေးနွေးကြစဉ် ယေရှုကိုယ်တိုင် သူတို့အနားချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ 16သို့သော်လည်း သူတို့၏မျက်စိများကို ဘုရားသခင်ဖုံးကွယ်ထားသောကြောင့် ယေရှုကို မမှတ်မိကြပေ။
17ယေရှုက “သင်တို့သည် ခရီးသွားလျက် မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။
ထိုအခါ သူတို့သည် ဝမ်းနည်းရိပ်သန်းလျက် ရပ်နေကြ၏။ 18သူတို့ထဲမှ ကလောဖအမည်ရှိသောသူက “ဂျေရုဆလင်မြို့သို့ ဧည့်သည်အဖြစ် လာသောသူများအနက် ဤရက်များအတောအတွင်း ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို မသိသူမှာ သင်တစ်ဦးတည်းသာ ဖြစ်သလော” ဟု ဆိုလေ၏။
19ထိုအခါ ယေရှုက “မည်သည့်အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။
ထိုသူတို့က “နာဇရက်မြို့သားယေရှုဆိုသောသူ၏အကြောင်းအရာများဖြစ်၏။ ထိုသူသည် ဘုရားရှေ့၊ လူရှေ့တွင် အံ့ဖွယ်တန်ခိုးလက္ခဏာကိုပြု၍ နှုတ်သတ္တိရှိသော ပရောဖက်တစ်ပါးဖြစ်၏။ 20သို့ရာတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဂျူးခေါင်းဆောင်များက သူ့အား သေဒဏ်ကျစေ၍ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခဲ့ကြပြီ။ 21သူသည် အစ္စရေးလူမျိုးများကို ကယ်တင်မည့်သူဖြစ်ကြောင်း ငါတို့မျှော်လင့်နေခဲ့ကြ၏။ ဤအကြောင်းအရာများ ဖြစ်ပျက်သည်မှာ ယခု သုံးရက်ရှိပါပြီ။
22ငါတို့အဖွဲ့ထဲမှ အမျိုးသမီးတချို့သည် နံနက်စောစော သင်္ချိုင်းဂူသို့သွားရာ 23အလောင်းတော်ကို မတွေ့ဘဲပြန်လာကြ၏။ ယေရှုသည် အသက်ရှင်တော်မူကြောင်းပြောသည့် ကောင်းကင်တမန်များကိုလည်း ရူပါရုံတွင် မြင်တွေ့ကြကြောင်း ပြောပြသဖြင့် ငါတို့သည် အံ့အားသင့်ကြ၏။ 24ငါတို့နှင့်အတူ ရှိသောသူတချို့သည်လည်း သင်္ချိုင်းဂူသို့ သွားသောအခါ အမျိုးသမီးများဖော်ပြသည့်အတိုင်း တွေ့မြင်ကြ၏။ သို့သော် ယေရှုကိုမူ မတွေ့မြင်ကြ” ဟု ဆိုကြ၏။
25ထိုအခါ ယေရှုက “အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှကို ယုံကြည်ရန် နှေးကွေးသောစိတ်နှလုံးရှိသည့်သူတို့… 26ခရစ်တော်#24:26 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။ 27ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
28ထိုအခါ သူတို့သွားနေသည့်ဧမောက်ရွာအနီးသို့ ရောက်သော် ယေရှုသည် ရှေ့သို့ဆက်သွားမည့်ဟန် ပြုတော်မူ၏။ 29သို့သော် သူတို့က ယေရှုအား “မိုးချုပ်တော့မည်ဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ” ဟု တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှုသည် သူတို့နှင့်အတူတည်းခိုရန် လိုက်ပါသွားတော်မူ၏။ 30ထို့နောက် သူတို့နှင့်အတူ စားပွဲတွင်ထိုင်တော်မူပြီးလျှင်#24:30 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ တစ်စုံတစ်ခုအပေါ်၊ သို့မဟုတ် အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကိုလည်း ဖဲ့၍ သူတို့အား ပေးတော်မူ၏။ 31ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
32သူတို့ကလည်း “လမ်းတွင် ငါတို့အား စကားပြောလျက် ကျမ်းစာကို အနက်ဖွင့်ရှင်းပြတော်မူစဉ် ငါတို့၏စိတ်နှလုံးသည် အတွင်း၌ လောင်းကျွမ်းနေသကဲ့သို့ဖြစ်သည်မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။ 33သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ ပြန်ကြလေ၏။ ထိုအခါ တပည့်တော်ဆယ့်တစ်ပါးနှင့် သူတို့၏အပေါင်းအပါများ စုရုံးလျက်ရှိနေသည်ကို တွေ့ကြ၏။ 34စုရုံးနေကြသောသူများက “သခင်သည် အမှန်တကယ် ရှင်ပြန်ထမြောက်တော်မူပြီ။ ရှိမုန်ကိုလည်းကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။
တပည့်တော်များအား ကိုယ်ထင်ပြတော်မူခြင်း
35ထိုသူတို့နှစ်ဦးသည်လည်း လမ်း၌ တွေ့ကြုံခဲ့သည့်အကြောင်းနှင့် မုန့်ကိုဖဲ့စဉ်တွင် ယေရှုဖြစ်တော်မူကြောင်း သိရပုံကို ပြောပြကြ၏။ 36ထိုသို့ ပြောဆိုနေကြစဉ် ယေရှုသည် သူတို့အလယ်တွင် ပေါ်လာ၍ “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ 37သို့ရာတွင် တပည့်တော်များက တစ္ဆေကို မြင်နေရသည်ဟု မှတ်ထင်ကာ ထိတ်လန့်ကြောက်ရွံ့ကြ၏။
38ထိုအခါ ယေရှုက “အဘယ်ကြောင့် ထိတ်လန့်ကြသနည်း။ အဘယ်ကြောင့် သံသယစိတ်များဖြစ်ပေါ်ကြသနည်း။ 39ငါ့လက်နှင့် ငါ့ခြေတို့ကို ကြည့်ကြလော့။ ငါကိုယ်တိုင်ပင် ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ တစ္ဆေတွင် အရိုးနှင့် အသားတို့မရှိ။ သို့သော် ငါ့တွင်ရှိသည်ကို သင်တို့မြင်ကြ၏” ဟု မိန့်တော်မူ၏။ 40ထိုသို့ မိန့်တော်မူ၍ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
41သူတို့သည် ဝမ်းသာ၍ အံ့အားသင့်နေသောကြောင့် မယုံကြည်နိုင်သေးစဉ် ယေရှုက “သင်တို့တွင် စားစရာရှိသလော” ဟု မေးတော်မူ၏။ 42သူတို့သည် ငါးကင်တစ်ပိုင်းကို ပေးကြ၏။ 43ယေရှုသည် ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။
44ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။ 45ထို့နောက် ကျမ်းစာတော်ကို နားလည်စေရန် သူတို့၏ဉာဏ်ကိုလည်း ဖွင့်ပေးတော်မူ၏။ 46ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။ 47ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။ 48သင်တို့သည်လည်း ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။
49ငါသည် ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့သည် ကောင်းကင်မှတန်ခိုးတော် မရရှိမီအထိ မြို့ထဲတွင်နေကြရမည်” ဟု မိန့်တော်မူ၏။
ကောင်းကင်သို့ တက်ကြွတော်မူခြင်း
50ထို့နောက် ယေရှုသည် တပည့်တော်တို့အား ဗေသနိရွာထိတိုင် ခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူ၏။ 51ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ 52တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ကိုးကွယ်ရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ ပြန်ကြ၏။ 53ထို့နောက် ဗိမာန်တော်ထဲတွင် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။
ရှင်လုကာခရစ်ဝင်ကျမ်း ပြီးပါပြီ။
Seçili Olanlar:
လုကာ 24: BCB
Vurgu
Paylaş
Kopyala
Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.