YouVersion လိုဂို
ရှာရန် အိုင်ကွန်

Matthew 6

6
1ကောင်းမှုကုသိုလ်ပြုလုပ်လို့ရှိရင်လည်း လူတွေချီးမွမ်းခံရစေဖို့ အများမြင်သာအောင် မပြုလုပ်ပါနဲ့။ဒီလိုလုပ်မိရင် နိဗ္ဗာန်ရွှေမြို့တော်မှာ ရှိတော်မူတဲ့ အဖဘုရားဆီက ဘာဆုလာဘ်ကိုမှ ရမှာမဟုတ်ဘူး။ 2မင်းတို့ အလှူဒါနပြုတဲ့အခါမှာ လမ်းဆုံလမ်းခွတွေ၊ဓမ္မာရုံတွေ၊လူတွေရဲ့ရှေ့မှာ အလှူ့ရှင်မှန်းသိအောင်မဏ္ဍာပ်တိုင် တက်မပြပါနဲ့။ ၊ဒီလို ပေးကမ်းခြင်းဟာ အလှူရှင်တွေက လူအများ ချီးမွမ်းဂုဏ်ပြုတာကို လိုချင်လို့ဖြစ်တယ်၊ငါအမှန်ကိုပြောရမယ်ဆိုရင် ထိုအလှူရှင်တွေဟာ သူတို့ရဲ့ အကျိုးကိုခံစားရပြီးဖြစ်တယ်။ 3ဒီလိုလုပ်မယ့်အစား ပေးကမ်းလှူဒါန်းတဲ့အခါမှာ ညာလက်နဲ့လုပ်ရင် ဘယ်လက်ကမသိပါစေနဲ့။ 4.ဒီလိုလျှို့ဝှက်စွာပေးကမ်းတဲ့အမှုကို အဖဘုရားရှင်က သိတော်မူရင် ဆုတော်လာဘ်တော်များပေးသနားတော်မူပါ လိမ့်မယ်။ 5မင်းတို့ဆုတောင်းတဲ့အခါမှာ လူအထင်ကြီးအောင် သူတော်ကောင်းယောင်ဆောင်ပြီး လမ်းဆုံလမ်းခွတွေနဲ့ ဓမ္မာရုံတွေမှာမတ်တပ်ရပ်ပြီး ဆုမတောင်းပါနဲ့။ ငါအမှန်ပြောရရင် သူတို့ရဲ့ကောင်းမှုပြုတဲ့အတိုင်း အကျိုး ခံစားရပြီးဖြစ်တယ်။ 6.ဆုတောင်းတဲ့အခါ မှာအခန်းတံခါးပိတ်ပြီး အဖဘုရားဆီမှာ တစ်ဦးတည်း သီးသန့်ဆုတောင်းပါ။ဒီလို သီးသန့်ဆုတောင်းကို အဖဘုရားဆီက ဆုတော်လာဘ်တော်များပေးသနားတော်မူပါလိမ့်မယ်။ 7ဆုတောင်းတဲ့အခါ မှာအဓိပ္ပါယ်မရှိတဲ့စကားတွေကိုထပ်တလဲလဲပြောပြီးဆုမတောင်းကြပါနဲ့။ သူတို့တွေက ဒီလို စကားလုံးမြောက်များစွာနဲ့ဆုတောင်းရင် ဘုရား ကြားလိမ့်မယ်လို့ ထင်ထားကြတယ်။ 8ဒါကြောင့်ထိုသူတို့လို မပြုလုပ်ကြပါနဲ့။ အဖဘုရားရှင်က မင်းတို့ရဲ့လိုအပ်ချက်တွေကို ဆုမတောင်းမီကပင် သိထားပြီးသားဖြစ်တယ်။ 9ဒါကြောင့် မင်းတို့ဆုတောင်းတဲ့အခါမှာ နိဗ္ဗာန်ရွှေမြို့တော်မှာရှိတော်မူတဲ့ ကျွန်ုပ်တို့၏ အဖဘုရား ၊အဖဘုရား၏ နာမတော်အားရိုသေလေးမြတ်စွာချီးမွမ်းဂုဏ်ပြုပါ၏ဘုရား။ 10.လူတိုင်း၊လူတိုင်းနှင့်အရာခပ်သိမ်းတို့အားအုပ်စိုးတော်မူပါဘုရား၊နိဗ္ဗာန်ရွှေမြို့တော်မှာကဲ့သို့ကမ္ဘာမြေကြီးတွင်လည်းအဖဘုရားအလိုတော်အတိုင်းသာပြုတော်မူပါအရှင်ဘုရား။ 11ယနေ့တစ်နေ့တာသော အစာအဟာရများကို ပေးသနားတော်မူပါဘုရား။ 12.တစ်ပါးသူများမှကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့၏ အပြစ်များကို ခွင့်လွှတ်သကဲ့သို့၊ ကျွန်ုပ်တို့ပြုလုပ်မိသော အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါဘုရား။ 13.ကျွန်ုပ်တို့အားအပြစ်ကျူးလွန်ခြင်းငှာအခွင့်ပေးတော်မမူ ပါနှင့်၊မာရ်နတ်အန္တရာယ်မှ ကာကွယ်ပေးတော်မူပါဘုရား” လို့ဆုတောင်းကြပါ။ 14မင်းတို့ဟာ တစ်ခြားသူတွေရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးရင် နိဗ္ဗာန်ရွှေမြို့တော်မှာ ရှိတော်မူတဲ့ အဖဘုရား လည်း မင်းတို့ကို ခွင့်လွှတ်တော်မူပါလိမ့်မယ်။ 15မင်းဟာ တစ်ခြားသူတို့ရဲ့ အပြစ်တွေကို ခွင့်မလွှတ်ရင် အဖဘုရားလည်း မင်းအပြစ်တွေကို ခွင့်လွှတ်မှာမဟုတ်ဘူး ။ 16မင်းတို့အစာရှောင် ဥပုသ်စောင့်တဲ့အခါမှာ သူတော်ကောင်းယောင်ဆောင်သူ တွေလို ညှိုးငယ်တဲ့မျက်နှာနဲ့ မနေပါနဲ့။ဒီလို သူတော်ကောင်းယောင်ဆောင်သူတွေဟာ သူတို့ ဥပုသ်စောင့်တာကို လူတွေသိအောင် မျက်နှာမသစ် ခေါင်းမဖီးဘဲနေတတ်ကြတယ်။ ငါအမှန်အတိုင်းပြောရရင် သူတို့ခံစားထိုက်တဲ့အကျိုးကို ခံစားရပြီးဖြစ်‌တယ်။ 17ဒီလိုလုပ်မယ့်အစား မိမိတို့ ရဲ့ ဆံပင်တွေကိုဆီလူးပြီး ခေါင်းဖီး ပါ။မျက်နှာသစ်ကာသန့်ရှင်းစွာနေပါ။ 18မိမိအစာရှောင်တာကို တစ်ခြားသူတွေ မသိစေဘဲ အဖဘုရားရှင်သာ တိတ်တဆိတ်သိရှိတော်မူရင် မင်း ကို ဆုလာဘ်များပေးသနားတော်မူပါလိမ့်မယ်။ 19သံချေး၊ ပိုးရွဖျက်ဆီးတတ်ပြီး သူခိုးဓားပြများ၊ ထွင်းဖောက်ခိုးယူနိုင်တဲ့ လောကီဘဏ္ဍာတွေကို မစုဆောင်းကြပါနဲ့။ 20ဒီလိုလောကီဘဏ္ဍာတွေကို စုဆောင်းမယ့်အစားနိဗ္ဗာန်ရွှေမြို့တော်မှာ သံချေး၊ပိုးရွတို့မဖျက်ဆီးနိုင်တဲ့၊ခိုးသူတို့မထွင်းဖောက်နိုင်တဲ့ ရတနာတွေကို စုဆောင်းကြပါ။ 21မင်းတို့ရဲ့စိတ်နှလုံးဟာ ရတနာရှိရာနေရာကို အမြဲအာရုံရောက်နေလိမ့်မယ်။ 22မျက်စိဟာ ခန္ဓာကိုယ်ရဲ့ ဆီမီးအိမ်သဖွယ်ဖြစ်တယ်။ဒါကြောင့် မင်းတို့အကောင်းမြင်တဲ့ အမြင်မျိုးရှိရင် မင်းတို့တစ်ကိုယ်လုံး သမ္မာတရားတော်ရဲ့ အလင်းတော်နဲ့ ပြည့်ဝနေပါလိမ့်မယ်။ 23ဒါပေမယ့် မင်းတို့အမြင်ကလောဘ အမှောင်ဖုံးနေရင် မင်းတို့လည်း ဒုစရိုက် အမှောင်လောကထဲကို ရောက်သွားပါလိမ့်မယ်။ 24မင်းတို့ဟာ မတူကွဲပြား တဲ့သခင်နှစ်ပါးစလုံးရဲ့ အစေခံမဖြစ်နိုင်ပါ။ မင်းဟာ တစ်ဦးကိုကျန်တစ်ဦးထက်ပိုပြီးနှစ်သက်ပါလိမ့်မယ် (ဒါမှမဟုတ်) မင်းဟာ တစ်ဦးအပေါ်ကို ကျန်တစ်ဦးထက်ပိုပြီး သစ္စာရှိပါလိမ့်မယ်။ မင်းဟာ ဘုရားရှင်ရဲ့ အစေခံနဲ့လောကစည်းစိမ်ရဲ့ကျေးကျွန်အဖြစ် တစ်ချိန်တည်းမှာဖြစ်နိုင်မှာမဟုတ်ဘူး။ 25ဒါကြောင့်မင်းတို့ဘဝအတွက် တွေးတောပူပင်မနေပါနဲ့။ စားဝတ်နေရေးအတွက်လည်း မပူပင်ကြပါနဲ့။ မင်းတို့ရဲ့အသက်ဟာ စားဝတ်နေရေးထက် ပိုပြီးအရေးကြီးတယ် မဟုတ်လား။ 26.ကောင်းကင်မှာပျံနေတဲ့ ငှက်ကလေးတွေကို ကြည့်လိုက်ပါ။ သူတို့မှာ စိုက်ပျိုးခြင်းလည်းမရှိ၊ရိတ်သိမ်းခြင်းလည်းမရှိ၊သိုလှောင်သိမ်းဆည်းထားမည့်ကျီများလည်းမရှိကြပါ။ ဒါပေမယ့် နိဗ္ဗာန်ရွှေမြို့တော်မှာရှိ တဲ့အဖဘုရားဟာ သူတို့ကို စောင့်ရှောက်တော်မူရင် မင်းတို့ဟာ တိရိစ္ဆာန်ငှက်တွေထက် ပိုပြီးတန်ဖိုးရှိတယ် မဟုတ်လား။ 27ပူဆွေးသောကတွေက မင်းတို့ကို အသက်ပိုရှည်စေနိုင်သလား။ 28မင်းတို့ အဝတ်အထည်တွေအတွက် ဘာကြောင့်ပူပန်နေကြပါသလဲ။ တောရိုင်းပန်းတွေ ဘယ်လိုရှင်သန်ဖူးပွင့်နေကြသလဲဆိုတာကို ကြည့်ကြပါ။ သူတို့ဟာ သူတို့ရဲ့ အဝတ်အထည်အတွက် သူတို့ကိုယ်တိုင် ပင်ပန်းစွာ ရက်လုပ်ခြင်းမပြုနိုင်ကြပါ။ 29ဒါပေမယ့် အလွန်တရာ ချမ်းသာကြွယ်ဝတဲ့ ရှောလမုန်မင်းကြီးတောင် ထိုပန်းပင်လို အရောင်အသွေးစုံစုံလင်လင်နဲ့လှပအောင်မဝတ်ဆင်နိုင်ဘူး။ 30ဘုရားရှင်ဟာ ဒီနေ့၊ မနက်ဖြန်မီးထဲကို ပစ်ချခံရတော့မယ့် ကွင်းပြင်ထဲမှာရှိတဲ့ သစ်ပင်ပန်းပင်တွေအားလုံးကိုတောင် လှပအောင် ပြုလုပ်ပေးတော်မူရင် မင်းတို့ကိုလည်း ဒီထက် မက ပေးသနားတော်မူလိမ့်မယ်။ ဘာကြောင့် ယုံကြည်မှုအားနည်းနေကြသလဲ။ 31.ငါတို့ဘယ်လိုစားရမလဲ၊ ဘယ်လိုသောက်ရမလဲ၊ ဘယ်လိုဝတ်ရမလဲဟု စားဝတ်နေရေးအတွက် မပူပင်ကြပါနဲ့။ 32ဘုရားကို မသိသူများကသာ ဒီလိုစိုးရိမ်ပူပင်တတ်ကြတယ်။ နိဗ္ဗာန်ရွှေမြို့တော်မှာရှိတော်မူတဲ့ အဖဘုရားဟာ မင်းတို့ရဲ့လိုအင်ဆန္ဒတွေ အားလုံးကို သိမြင်တော်မူတယ်။ 33ဘုရားရှင်ရဲ့နိဗ္ဗာန် ရွှေမြို့တော်နဲ့သမ္မာတရားတော်တွေကိုဦးစွာ ရှာဖွေ လို့ရှိရင် မင်းတို့ရဲ့ လိုအင်ဆန္ဒအဝဝနဲ့ပြည့်စုံပါလိမ့်မယ်။ 34.မနက်ဖြန်အတွက်မပူပင်ကြပါနဲ့၊မနက်ဖြန်ရောက်ရင်အလိုလိုပြေလည်သွားပါလိမ့်မယ်။ ဒီနေ့ ကြုံတွေ့ရတဲ့ စိုးရိမ်သောကတွေဟာ ဒီနေ့အတွက်တော်လောက်ပြီ"ဟု ကိုယ်တော်က မိန့်တော်မူခဲ့လေသည်။

လက်ရှိရွေးချယ်ထားမှု

Matthew 6: TPV-RV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ