ဟေရှာယအနာဂတ္တိကျမ်း 26
26
ယုဒပြည်အတွက်သီချင်း
1ထိုနေ့ရက်၌ ယုဒပြည်တွင် ဤသီချင်းကို သီဆိုလိမ့်မည်။ “ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကိုယ်တော်သည် ကယ်တင်ခြင်းကို မြို့ရိုးသဖွယ်၊ တံတိုင်းသဖွယ် တည်တော်မူမည်။ 2မြို့တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်ထိန်း၍ ဖြောင့်မတ်သောလူမျိုးဝင်လာမည်။ 3စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။ 4ထာဝရဘုရားကို အစဉ်ယုံကြည်ကိုးစားကြလော့။ ထာဝရဘုရားသည် အစဉ်အမြဲတည်သောကျောက်ဖြစ်တော်မူ၏။ 5ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။ 6ခြေသည် ထိုမြို့ကိုနင်းချေလိမ့်မည်။ အဖိနှိပ်ခံရသောသူတို့၏ခြေ၊ ဆင်းရဲသောသူတို့၏ခြေတို့သည် ထိုမြို့ကိုနင်းချေလိမ့်မည်”ဟု သီဆိုကြလိမ့်မည်။
လူမျိုးတော်အတွက်စိတ်အားထက်သန်တော်မူခြင်း
7ဖြောင့်မတ်သောသူသွားရာလမ်းခရီးသည် ညီညာ၏။ အို ဖြောင့်မတ်တော်မူသောအရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူသွားရာလမ်းကို ဖြောင့်ဖြူးစေတော်မူ၏။ 8အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။ 9အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။ 10ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။ 11အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။ 12အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။ 13အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော့်အပြင် အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပြီ။ သို့သော် ကိုယ်တော်၏နာမတော်ကိုသာ အကျွန်ုပ်တို့အောက်မေ့ကြပါ၏။ 14သေသောသူတို့သည် ပြန်မရှင်။ သေသောသူတို့၏ဝိညာဉ်သည် မထမြောက်။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုအပြစ်ဒဏ်ပေး၍ ဖျက်ဆီးတော်မူ၏။ သူတို့နှင့်ဆိုင်သည့်အမှတ်တရအားလုံးကို ဖယ်ရှားတော်မူ၏။ 15ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေခြင်းဖြင့် ဘုန်းတော်ကိုထင်ရှားစေတော်မူပြီ။ ပြည်တော်၏နယ်နိမိတ်အားလုံးကို ပို၍ကျယ်ဝန်းစေတော်မူပြီ။ 16အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ကိုရှာကြပါ၏။ ကိုယ်တော်သည် သူတို့ကိုဆုံးမပဲ့ပြင်တော်မူသောအခါ သူတို့သည် ဆုတောင်းပတ္ထနာပြုကြပါ၏။ 17ကိုယ်ဝန်ဆောင်မိန်းမသည် သားဖွားလုဆဲဆဲ၌ မိမိ၏နာကျင်ခြင်းဝေဒနာကြောင့် လူးလွန့်လျက် အော်ဟစ်ငိုကြွေးသကဲ့သို့ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိုနည်းတူဖြစ်ကြပါ၏။ 18အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်သော်လည်း၊ လူးလွန့်ရသော်လည်း လေကိုဖွားမြင်ကြ၏။ အကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးပေါ်သို့ ကယ်တင်ခြင်းကို မယူဆောင်လာနိုင်ပါ။ လောကသားတို့ကိုလည်း မလဲကျစေနိုင်ပါ။ 19ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။ 20ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။ 21အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative