Chapa ya Youversion
Ikoni ya Utafutaji

ယောဟန် 5

5
ခြေမသန်သောသူ​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် ဂျူးလူမျိုးတို့​၏ ပွဲတော်​တစ်ခု​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ၏။ 2ဂျေရုဆလင်မြို့၊ သိုးတံခါး​အနီး​၌ ဟေဗြဲဘာသာ​ဖြင့် ဗေသေသဒ​ဟု ခေါ်သည့် ရေကန်​တစ်ကန်​ရှိ၏။ ထို​ရေကန်​၌ မုခ်​ငါးခု​ရှိ၏။ 3ထို​မုခ်များ​အောက်​တွင် ဖျားနာသူ၊ မျက်စိ​မမြင်သူ၊ ခြေမသန်သူ၊ လေဖြတ်သူ စသည့်​လူနာ​အမြောက်အမြားတို့​သည် လဲလျောင်းနေကြ၏။ (သူတို့​သည် ရေလှုပ်ရှားချိန်​ကို စောင့်နေကြခြင်း​ဖြစ်၏။ 4ထိုသို့ စောင့်နေရခြင်း​မှာ ဘုရားသခင်​၏ ကောင်းကင်တမန်​တစ်ပါး​သည် အချိန်တန်​လျှင် ရေကန်​သို့​ဆင်း​၍ ရေ​ကို လှုပ်ရှားစေတတ်​သောကြောင့်​ဖြစ်၏။ ရေ​လှုပ်ရှား​ပြီးနောက် ရေ​ထဲသို့ အဦးဆုံး​ဆင်းနိုင်သူ​သည် မိမိ​ခံစားရ​သမျှသော ရောဂါများ​မှ ကင်းလွတ်တတ်၏။)#5:4 အချို့​လက်ရေးမူကျမ်းများ​တွင် ကွင်း​ထဲမှ​ကျမ်းပိုဒ် မပါဝင်ပါ။ 5သုံးဆယ့်ရှစ်နှစ်​ပတ်လုံး နာမကျန်း​ဖြစ်နေသော​သူ​တစ်ဦး​သည်လည်း ထို​နေရာ​၌​ရှိ၏။ 6ယေရှု​သည် ထို​သူ လဲလျောင်းနေသည်​ကို မြင်​၍ နာမကျန်း​ဖြစ်နေသည်​မှာ ကြာမြင့်​နေပြီဖြစ်ကြောင်း​ကို သိတော်မူ​လျှင် “သင်​ကျန်းမာ​လိုသလော” ဟု မေးတော်မူ၏။
7ထို​သူ​က “သခင်… ရေ​လှုပ်ရှား​သောအခါ အကျွန်ုပ်​ကို ရေကန်​ထဲသို့ ချပေးမည့်​သူ တစ်ဦးမျှ​မရှိပါ။ အကျွန်ုပ်​သွားမည်​ပြု​စဉ် အခြားသူ​တစ်ဦး​သည် အကျွန်ုပ်​ထက်​အလျင် ဆင်းတတ်ပါ၏” ဟု လျှောက်လေ၏။
8ယေရှု​က “ထလော့။ သင့်​အိပ်ရာ​ကို ယူ​၍ လမ်းလျှောက်လော့” ဟု မိန့်တော်မူ၏။
9ထိုအခါ သူ​သည် ချက်ချင်းပင် အကောင်းပကတိ​ဖြစ်လာ​၍ အိပ်ရာ​ကို ယူ​လျက် လမ်းလျှောက်လေ၏။ ထို​နေ့​သည် ဥပုသ်နေ့​ဖြစ်၏။ 10ထို့ကြောင့် ဂျူး​ခေါင်းဆောင်တို့​က ရောဂါ​ပျောက်ကင်းသွားသော​သူ​အား “ယနေ့​သည် ဥပုသ်နေ့​ဖြစ်၏။ ထို့ကြောင့် သင်​၏ အိပ်ရာ​ကို သယ်ယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မကိုက်ညီပါ” ဟု ပြောကြ၏။
11သို့သော် ထို​သူ​က “ကျွန်ုပ်​ကို ကျန်းမာစေသော​သူ​က ‘ထလော့။ သင့်​အိပ်ရာ​ကို ယူ​၍ လမ်းလျှောက်လော့’ ဟု ပြောပါသည်” ဟူ၍ ဖြေလေ၏။
12ထို​သူတို့​ကလည်း “သင့်​အား ‘ထလော့။ သင့်​အိပ်ရာ​ကို ယူ​၍ လမ်းလျှောက်လော့’ ဟု ပြောသူ​သည် မည်သူနည်း” ဟု မေးကြ၏။
13သို့သော် မည်သူ​ဖြစ်ကြောင်း​ကို သူ​သည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှု​သည် လူအုပ်​ထဲသို့ မထင်မရှား ကြွသွားတော်မူ​သောကြောင့်​ဖြစ်၏။ 14ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်တော်​၌ တွေ့မြင်တော်မူ​သဖြင့် “ယခု သင်​ကျန်းမာပြီ။ နောက်ထပ် အပြစ်​မပြုနှင့်။ သို့မဟုတ်​လျှင် ပို​၍ ဆိုးရွားသော​ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။ 15ထို​သူ​သည် မိမိ​ကို​ကျန်းမာစေ​သူ​မှာ ယေရှု​ဖြစ်ကြောင်း ဂျူး​ခေါင်းဆောင်တို့​ကို သွား​၍ ပြောလေ၏။
ဘုရား​သားတော်​ဖြစ်ကြောင်း ကြွေးကြော်တော်မူခြင်း
16ဤသို့သော​အခြင်းအရာများ​ကို ဥပုသ်နေ့​၌ ယေရှု​ပြုတော်မူ​သောကြောင့် ဂျူး​ခေါင်းဆောင်တို့​သည် ယေရှု​ကို လိုက်လံ​နှောင့်ယှက်ကြ၏။#5:16 မူရင်း​ဂရိကျမ်း​တွင် “ညှဉ်းပန်းနှိပ်စက်” ဟု ပါရှိသည်။ 17သို့သော် ယေရှု​က “ငါ့​ခမည်းတော်​သည် အစဉ် အလုပ်​လုပ်တော်မူ​သကဲ့သို့ ငါ​သည်လည်း လုပ်၏” ဟု ပြန်ပြောတော်မူ၏။ 18ထိုအခါ ဂျူး​ခေါင်းဆောင်တို့​က ယေရှု​ကို သတ်​ရန် ပို၍​အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှု​သည် ဥပုသ်​စည်းကမ်း​ကို ချိုးဖောက်သည်​သာမက ဘုရားသခင်​ကိုလည်း ခမည်းတော်​ဟု ခေါ်​၍ မိမိ​ကိုယ်​မိမိ ဘုရား​နှင့် တန်းတူထားတော်မူ​သောကြောင့်​ဖြစ်၏။
19ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သားတော်​သည် မည်သည့်​အမှု​ကိုမျှ မိမိ​အလိုအလျောက် မပြုနိုင်။ ခမည်းတော်​ပြုတော်မူသော​အမှု​ကို မြင်​၍သာ ပြု၏။ ခမည်းတော်​ပြုတော်မူ​သမျှ​အတိုင်း သားတော်​သည်လည်း ပြု၏။ 20ခမည်းတော်​သည် သားတော်​ကို ချစ်တော်မူ​သောကြောင့် မိမိ​ပြုတော်မူ​သမျှ​ကို သားတော်​အား ပြတော်မူ၏။ ဤ​လူ​ကို ကျန်းမာစေခြင်း​အမှု​ကဲ့သို့သော အမှုများ​ထက် ပို​၍ ကြီးမြတ်သော အမှုများ​ကို ခမည်းတော်​သည် သားတော်​အား ပြတော်မူ​လိမ့်မည်။ ထိုအခါ သင်တို့​သည် အမှန်​ပင်​အံ့အားသင့်ကြ​လိမ့်မည်။ 21ခမည်းတော်​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူ​သကဲ့သို့ သားတော်​သည်လည်း မိမိ​အလိုရှိသော​သူတို့​ကို ရှင်စေ၏။ 22-23လူအပေါင်းတို့​သည် ခမည်းတော်​ကို ရိုသေ​သကဲ့သို့ သားတော်​ကိုလည်း ရိုသေ​ရန် ခမည်းတော်​သည် မည်သူ့​ကိုမျှ တရားစီရင်တော်​မမူဘဲ ထို​တရားစီရင်ပိုင်ခွင့်​ရှိသမျှ​ကို သားတော်​အား ပေးအပ်တော်မူ၏။ သားတော်​ကို မရိုသေသော​သူ​သည် သားတော်​ကို စေလွှတ်တော်မူသော ခမည်းတော်​ကိုလည်း မရိုသေသော​သူ​ဖြစ်၏။
24သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။
25သင်တို့​အား ငါ​အမှန်​ဆို၏။ သေသော​သူတို့​သည် ဘုရားသခင်​၏ သားတော်​အသံ​ကို ကြားသည့်​အချိန် ကျရောက်လာ​လိမ့်မည်။ စင်စစ် ထို​အချိန်​သည် ယခု​ပင် ရောက်​လျက်​ရှိ၏။ သားတော်​၏ အသံ​ကို ကြားသော​သူတို့​သည် အသက်ရှင်​လိမ့်မည်။ 26အဘယ်ကြောင့်ဆိုသော် ခမည်းတော်​သည် မိမိ​၌ အသက်ပေးပိုင်သော​တန်ခိုး​ရှိတော်မူသည့်​အတိုင်း ထို​အသက်ပေးပိုင်သော​တန်ခိုး​ကို သားတော်​အားလည်း ပေးတော်မူ​သောကြောင့်​ဖြစ်၏။ 27ထို့ပြင် သားတော်​သည် လူသား#5:27 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ဖြစ်သောကြောင့် ခမည်းတော်​သည် တရားစီရင်ပိုင်ခွင့်​ကိုလည်း သားတော်​အား ပေးအပ်တော်မူ၏။ 28ဤ​အရာ​ကို မအံ့သြကြနှင့်။ သေလွန်သော​သူ​ရှိသမျှ​သည် ဘုရားသခင်​၏​သားတော်​အသံ​ကို ကြား​၍ သင်္ချိုင်းဂူများ​မှ ထမြောက်မည့်​အချိန် ရောက်လာ​လိမ့်မည်။ 29ကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ ထမြောက်​၍ ပြန်ရှင်​လိမ့်မည်။ မကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ​ထမြောက်​၍ အပြစ်စီရင်ခြင်း​ခံရ​လိမ့်မည်။
30ငါ​သည် မည်သည့်​အမှု​ကိုမျှ မိမိ​သဘောဆန္ဒ​အလျောက် မပြုနိုင်။ ခမည်းတော်​မိန့်တော်မူသည့်​အတိုင်း ငါ​တရားစီရင်၏။ ငါ့​တရားစီရင်ခြင်း​သည် တရားမျှတ၏။ ငါ​သည် မိမိ​အလို​အတိုင်း မဆောင်ရွက်ဘဲ ငါ့​ကို​စေလွှတ်တော်မူသော ခမည်းတော်​၏ အလိုတော်​အတိုင်း​ဆောင်ရွက်​သောကြောင့် ငါ့​တရားစီရင်ခြင်း​သည် မှန်ကန်၏။
ယေရှု​အတွက် သက်သေများ
31ငါ​သည် ကိုယ့်​အကြောင်း​ကိုယ် သက်သေခံ​လျှင် ငါ​၏ သက်သေ​သည် မခိုင်လုံပါ။ 32သို့ရာတွင် ငါ့​အကြောင်း​ကို သက်သေခံသည့် အခြား​တစ်ဦး​ရှိ၏။ သူ​၏​သက်သေ မှန်ကန်ကြောင်း​ကို ငါ​သိ၏။ 33သင်တို့​သည် နှစ်ခြင်းဆရာ​ယောဟန်​ထံသို့ လူလွှတ်​၍ မေးမြန်းစေကြ၏။ သူ​သည် ငါ့​အကြောင်း​ကို မှန်ကန်​စွာ သက်သေခံ၏။ 34လူတို့​၏​သက်သေ​ကို ငါ​မလိုအပ်​သော်လည်း သင်တို့​ကယ်တင်ခြင်း​ရ​ရန် ဤ​စကား​ကို ငါ​ပြောရ၏။ 35ယောဟန်​သည် မီးစာ​ဖြင့် ထွန်းညှိထား​၍ လင်းထိန်နေသော ဆီမီးခွက်​သဖွယ်​ဖြစ်ပြီး သင်တို့​သည် သူ​၏ သတင်းစကား#5:35 မူရင်း​ဂရိကျမ်း​တွင် “သူ​၏​အလင်း” ဟု ပါရှိသည်။​ကြောင့် ခဏတာ​စိတ်အားထက်သန်ကြ၏။ 36သို့သော် ယောဟန်​၏ သက်သေ​ထက် ကြီးမြတ်သော သက်သေ​သည် ငါ​၌ ရှိ၏။ ခမည်းတော်​သည် ငါ့​အား ထို​အမှုတို့​ကို ပြီးမြောက်​အောင် ဆောင်ရွက်​ရန် ပေးအပ်တော်မူ၏။ ထို​အမှုတို့​ကပင် ငါ့​ကို ခမည်းတော်​စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။ 37ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​သည်လည်း ငါ့​အကြောင်း​ကို သက်သေခံတော်မူ၏။ သင်တို့​သည် ခမည်းတော်​၏ အသံတော်​ကိုလည်း မည်သည့်​အခါမျှ​မကြားကြ။ ပုံသဏ္ဌာန်တော်​ကိုလည်း မမြင်ကြ။ 38ခမည်းတော် စေလွှတ်တော်မူသော​သူ​ကို သင်တို့​မယုံကြည်​သောကြောင့် သူ​၏​နှုတ်ကပတ်​တရားတော်​သည်လည်း သင်တို့​စိတ်နှလုံး​တွင် မတည်။
39သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။ 40သို့သော် သင်တို့​သည် ထို​ထာဝရ​အသက်​ကို ရ​ရန် ငါ့​ထံသို့ မချဉ်းကပ်လိုကြပေ။
41လူတို့​၏​ဂုဏ်ပြုချီးမြှောက်ခြင်း​ကို ငါ​မခံလို။ 42အဘယ်ကြောင့်ဆိုသော် သင်တို့ အထဲ​၌ ဘုရားသခင်​ကို​ချစ်သော​စိတ် မရှိကြောင်း ငါ​သိမြင်​သောကြောင့်​ဖြစ်၏။ 43ငါ​သည် ခမည်းတော်​၏ အခွင့်​နှင့်#5:43 မူရင်း​ဂရိကျမ်း​တွင် “အမည်​နာမတော်​ဖြင့်” ဟု ပါရှိသည်။ လာ​သော်လည်း သင်တို့​သည် ငါ့​ကို လက်မခံကြ။ အခြား​သူ​တစ်ဦး​သည် ကိုယ်ပိုင်​အခွင့်#5:43 မူရင်း​ဂရိကျမ်း​တွင် “အမည်​နာမ​ဖြင့်” ဟု ပါရှိသည်။​နှင့် လာ​ပါက သင်တို့​သည် ထို​သူ​ကို လက်ခံကြ​လိမ့်မည်။ 44သင်တို့​သည် အချင်းချင်း​ဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်​၏ ဂုဏ်ပြုချီးမြှောက်ခြင်း​ကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့​သည် ငါ့​ကို မယုံကြည်ဘဲ​နေသည်​မှာ အံ့ဩစရာ​မရှိ။
45ခမည်းတော် ရှေ့မှောက်​တွင် ငါ​သည် သင်တို့​အား ပြစ်တင်​စွပ်စွဲ​လိမ့်မည်​ဟု မထင်ကြနှင့်။ သင်တို့​ကို ပြစ်တင်စွပ်စွဲမည့်သူ​မှာ သင်​တို့ ကိုးစားသော မောရှေ​ပင်​ဖြစ်၏။ 46မောရှေ​သည် ငါ့​အကြောင်း​ကို ရေးသား၏။ ထို့ကြောင့် သင်တို့​သည် မောရှေ​ကို ယုံကြည်​လျှင် ငါ့​ကိုလည်း ယုံကြည်ကြ​လိမ့်မည်။ 47သို့ဖြစ်၍ မောရှေ​၏ ရေးသားချက်​ကို သင်တို့​မယုံကြည်​လျှင် ငါ့​စကား​ကို မည်သို့ ယုံကြည်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။

Iliyochaguliwa sasa

ယောဟန် 5: BCB

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia