ယောဟန် 6
6
လူငါးထောင်ကို ကျွေးမွေးတော်မူခြင်း
1ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။ 2လူအုပ်ကြီးသည် ဖျားနာသောသူများအပေါ် ယေရှုပြုတော်မူသော နိမိတ်လက္ခဏာများကို တွေ့မြင်ခဲ့ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။ 3ယေရှုသည်လည်း တောင်ပေါ်သို့ တက်၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။ 4ထိုကာလသည် ဂျူးလူမျိုးတို့၏ပသခါပွဲတော် ရောက်လုနီးချိန်ဖြစ်၏။ 5ယေရှုသည် မျှော်ကြည့်သောအခါ မိမိထံသို့ လူအုပ်ကြီးလာနေသည်ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပုအား “ဤလူတို့ စားရန် စားစရာ#6:5 “စားစရာ” မူရင်းဂရိကျမ်းတွင် “ပေါင်မုန့်” ဟု ဖော်ပြထားသည်။ကို မည်သည့်နေရာမှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။ 6ကိုယ်တော်သည် မိမိမည်သို့ လုပ်ဆောင်မည်ကို သိနှင့်တော်မူသော်လည်း ဖိလိပ္ပုကို စမ်းသပ်ရန် ထိုသို့ မေးတော်မူခြင်းဖြစ်၏။
7ဖိလိပ္ပုက “ငွေဒင်္ဂါးပြားနှစ်ရာဖိုးရှိသော#6:7 မူရင်းဂရိကျမ်းတွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိတစ်ပြား၏ တန်ဖိုးသည် လုပ်သားတစ်ဦး၏တစ်နေ့တာလုပ်အားခနှင့် ညီမျှသည်။ စားစရာ#6:7 “စားစရာ” မူရင်းဂရိကျမ်းတွင် “ပေါင်မုန့်” ဟု ဖော်ပြထားသည်။ကို ဝယ်၍ လူတိုင်းကို အနည်းငယ်စီ ကျွေးလျှင်ပင် လုံလောက်မည်မဟုတ်ပါ” ဟု လျှောက်၏။
8ထိုအခါ ရှိမုန်ပေတရု၏ ညီ၊ အန္ဒြေဟု ခေါ်သော တပည့်တော်က 9“မုယောမုန့် ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ယူလာသည့် ကလေးငယ်တစ်ဦးရှိပါ၏။ သို့သော်လည်း ဤလူအုပ်ကြီးအတွက် ထိုမုန့်နှင့်ငါးသည် မည်သို့လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။
10ယေရှုက “လူတို့ကို ထိုင်စေလော့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအရပ်တွင် မြက်ခင်းပြင်ကြီးရှိ၏။ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသော လူတို့သည် ထိုမြက်ခင်းပေါ် ထိုင်ကြ၏။ 11ထို့နောက် ယေရှုသည် မုန့်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် လူတို့ကို ဝေတော်မူ၏။ ထိုနည်းတူ ငါးတို့ကိုလည်း လူတို့ အလိုရှိသမျှ ဝေတော်မူ၏။
12လူတို့ ဝလင်စွာ စားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား “ကြွင်းကျန်သောအကျိုးအပဲ့များကို အလေအလွင့် မရှိစေရန် ကောက်သိမ်းကြလော့” ဟု မိန့်တော်မူ၏။ 13တပည့်တော်တို့သည် မုယောမုန့်ငါးလုံးမှ ကြွင်းကျန်သော အကျိုးအပဲ့များကို တောင်းထဲသို့ ကောက်သိမ်းကြရာ ဆယ့်နှစ်တောင်းအပြည့် ရကြ၏။
14ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
15ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
ရေပေါ်တွင် လမ်းလျှောက်တော်မူခြင်း
16ထိုညနေတွင် တပည့်တော်တို့သည် ကမ်းစပ်သို့ ဆင်းသွား၍ ယေရှုကို စောင့်နေကြ၏။ 17မိုးချုပ်လာပြီဖြစ်သော်လည်း ယေရှုကြွမလာသေးသဖြင့် သူတို့သည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးနှင့်ကြ၏။ 18ထိုစဉ် လေပြင်းတိုက်သဖြင့် လှိုင်းကြီးလာ၏။ 19သုံးလေးမိုင်#6:19 မူရင်းဂရိကျမ်းတွင် ၂၅ စတာဒီယွန်၊ သို့မဟုတ် ၃၀ စတာဒီယွန်ဟု ဖော်ပြထားသည်။ ၁ စတာဒီယွန်တွင် ပေ ၆၀၇ ခန့်၊ သို့မဟုတ် ၁၈၇ မီတာရှိသည်။ခန့် လှော်ခတ်ပြီးသောအခါ ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေရှိရာသို့ ကြွလာသည်ကို သူတို့ မြင်၍ ကြောက်လန့်ကြကုန်၏။ 20သို့သော် ယေရှုက “မကြောက်နှင့်။ ငါပင်ဖြစ်၏” ဟု မိန့်တော်မူ၏။ 21ထိုအခါ တပည့်တော်တို့သည် ယေရှုကို လှေပေါ်သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြ၏။ ထို့နောက် လှေသည် သူတို့သွား ရန် ရည်ရွယ်သည့်ကမ်းသို့ ချက်ချင်းရောက်သွားလေ၏။
အသက်မုန့်
22နောက်တစ်နေ့ရောက်သော် အိုင်တစ်ဖက်ကမ်း၌ နေရစ်ခဲ့သော လူထုတို့သည် ယမန်နေ့က ထိုအရပ်၌ လှေတစ်စီးတည်းသာ ရှိခဲ့ကြောင်းကို သတိပြုမိကြ၏။ ထိုလှေပေါ်တွင် ယေရှုသည် တပည့်တော်တို့နှင့်အတူ လိုက်ပါသွားတော်မမူဘဲ တပည့်တော်တို့ချည်းသာ ထွက်ခွာသွားကြသည်ကိုလည်း သတိပြုမိခဲ့ကြ၏။
23ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။ 24လူထုသည်လည်း ထိုနေရာတွင် ယေရှုနှင့် တပည့်တော်တို့ မရှိကြောင်း သိသောအခါ ရောက်လာသောလှေများပေါ်သို့ တက်၍ ယေရှုကို ရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။
25အိုင်တစ်ဖက်ကမ်းတွင် ယေရှုကို တွေ့ကြသောအခါ သူတို့က “ဆရာတော်#6:25 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… မည်သည့်အချိန်တွင် ဤနေရာသို့ ရောက်တော်မူသနည်း” ဟု မေးလျှောက်ကြ၏။ 26ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် ငါပြုသော နိမိတ်လက္ခဏာများကို နားလည်သောကြောင့် ငါ့ကို ရှာကြသည်မဟုတ်။ မုန့်ကို ဝလင်စွာ စားရသောကြောင့်သာ ရှာကြ၏။ 27ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသား#6:27 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။ပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို#6:27 ဘုရားသခင်၏ တန်ခိုးအာဏာနှင့် မျက်နှာသာရကြောင်း အာမခံချက်ဖြစ်သည်။ ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
28ထိုသူတို့က “ဘုရားသခင်အလိုရှိတော်မူသော အမှုတော်ကို ဆောင်ရွက်နိုင်ရန် မည်သို့ ပြုလုပ်ရမည်နည်း” ဟု မေးလျှောက်ကြ၏။
29ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
30ထိုအခါ သူတို့က “ဆရာတော်ကို ယုံကြည်စေလိုပါက အကျွန်ုပ်တို့အား နိမိတ်လက္ခဏာကို ပြတော်မူပါ။ မည်သည့် အမှုကို ပြုတော်မူမည်နည်း။
31ကျမ်းစာတွင် ‘ထိုသူတို့ စားရန် သူသည် ကောင်းကင်မှ မုန့်ကို ပေး၏’ ဟု ရေးသားထားသည့်အတိုင်း ကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြရ၏”#6:31 ထွ ၁၆:၄၊ ဆာ ၇၈:၂၄။ ဟု လျှောက်ကြ၏။
32ယေရှုက “ငါအမှန်ဆိုရလျှင် ကောင်းကင်မှ မုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှ စစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။ 33ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
34ထိုအခါ သူတို့က “သခင်… ထိုမုန့်ကို ကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါ” ဟု လျှောက်ကြ၏။
35ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ 36သို့သော်လည်း သင်တို့သည် ငါ့ကို မြင်လျက်နှင့် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။ 37ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။ 38အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။ 39ဘုရားသခင်၏ အလိုတော်မှာ ငါ့ကို ပေးအပ်ထားတော်မူသောသူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့တွင် ထိုသူတို့ကို သေရာမှ ထမြောက်စေရန်ဖြစ်၏။ 40သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
41ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က 42“ဤသူသည် ယောသပ်၏ သား ယေရှုမဟုတ်လော။ သူ၏ မိဘတို့ကို ငါတို့သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူက ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်ပြောဆိုကြ၏။
43ထိုအခါ ယေရှုက “ငါပြောသောစကားကြောင့် မကျေမနပ်မဖြစ်ကြနှင့်။ 44ငါ့ကို စေလွှတ်တော်မူသောခမည်းတော် ဆွဲခေါ်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်။ ငါ့ထံသို့ လာသောသူကို နောက်ဆုံးသောနေ့တွင် သေရာမှ ငါထမြောက်စေမည်။ 45ပရောဖက်ကျမ်းများတွင် ‘ထိုသူအားလုံးတို့သည် ဘုရားသခင်၏ သွန်သင်တော်မူခြင်းကို ခံရကြလိမ့်မည်’ ဟု ရေးသားထားသည်နှင့်အညီ ခမည်းတော် မိန့်တော်မူသောစကားကို ကြား၍ ခံယူသောသူရှိသမျှတို့သည် ငါ့ထံသို့ လာကြ၏။ 46ထိုသို့ဆိုရာတွင် တစ်စုံတစ်ဦးသည် ခမည်းတော်ကို တွေ့မြင်ခဲ့ပြီဟု ငါမဆိုလိုပါ။ ခမည်းတော်ဘုရားသခင်စေလွှတ်တော်မူသော ငါသာလျှင် ခမည်းတော်ကို တွေ့မြင်ဖူး၏။
47သင်တို့အား ငါအမှန်ဆို၏။ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ 48ငါသည် အသက်မုန့်ဖြစ်၏။ 49သင်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြသော်လည်း သေကြရ၏။ 50ကောင်းကင်မှ ဆင်းသက်လာသောမုန့်ကို စားသုံးသောသူသည် မည်သည့်အခါမျှ သေမည်မဟုတ်။ 51ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
52ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
53ထို့ကြောင့် ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် လူသား၏ အသားကို မစား၊ အသွေးကို မသောက်ဘဲ နေလျှင် ထာဝရအသက်ကိုမရနိုင်။ 54ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ထာဝရအသက်ကို ရ၏။ နောက်ဆုံးသောနေ့၌ ထိုသူကို သေရာမှထမြောက်စေမည်။ 55အဘယ်ကြောင့်ဆိုသော် ငါ့အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ့အသွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။ 56ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။ 57အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။ 58ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်တို့၏ ဘိုးဘေးများစားခဲ့သော မန္နမုန့်ကဲ့သို့ မဟုတ်။ သူတို့သည် မန္နမုန့်ကို စားကြသော်လည်း သေကြရ၏။ ဤမုန့်ကို စားသောသူမှာမူ အစဉ်ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။ 59ယေရှုသည် ကပေရနောင်မြို့ ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။
တပည့်တော်အများအပြား ယေရှုကိုစွန့်ခွာသွားကြခြင်း
60တပည့်တော်အများအပြားသည် ထိုအကြောင်းကို ကြားလျှင် “ဤသွန်သင်ချက်သည် အလွန်ခက်ခဲလှ၏။ မည်သူ ခံယူနိုင်မည်နည်း” ဟု ပြောဆိုကြ၏။
61တပည့်တော်များညည်းညူပြောဆိုကြသည်ကို သိတော်မူသဖြင့် ယေရှုက “ဤသွန်သင်ချက်ကြောင့် သင်တို့စိတ်ပျက်ကြသလော။ 62သို့ဖြစ်လျှင် လူသားသည် ကောင်းကင်သို့ တစ်ဖန် တက်ကြွသည်ကို သင်တို့ မြင်ရပါက မည်သို့ထင်မှတ်ကြမည်နည်း။ 63ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။ 64သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
65ဆက်လက်၍ ယေရှုက “ထို့ကြောင့် ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြဟု သင်တို့ကို ငါပြောခဲ့ပြီ” ဟု မိန့်တော်မူ၏။
66ထိုအချိန်မှစ၍ တပည့်တော်အများအပြားတို့သည် နောက်တော်သို့ ဆက်၍ မလိုက်ဘဲ စွန့်ခွာသွားကြ၏။
67ထိုအခါ ယေရှုက တပည့်တော်ဆယ့်နှစ်ပါးအား “သင်တို့သည်လည်း ထွက်သွားလိုသလော” ဟု မေးတော်မူ၏။
68ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။ 69ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
70ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။ 71ထိုသို့ မိန့်တော်မူသည်မှာ မိမိအား သစ္စာဖောက်မည့် ယုဒရှကာရုတ်ကို ဆိုလိုခြင်းဖြစ်၏။ ထိုသူသည် ရှိမုန်၏ သားဖြစ်ပြီး တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်၏။
Iliyochaguliwa sasa
ယောဟန် 6: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.