YouVersion Logo
تلاش

ကမ္ဘာဦးကျမ်း 12

12
အာဗြံကို ခေါ်ယူတော်မူခြင်း
1ထာဝရဘုရား​က အာဗြံ​အား “​သင်​သည် သင့်​ပြည်​မှ​လည်းကောင်း​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထဲမှ​လည်းကောင်း​၊ သင့်​ဖခင်​၏​အိမ်​မှ​လည်းကောင်း ထွက်ခွာ​၍ သင့်​ကို​ငါ​ပြ​မည့်​ပြည်​သို့​သွား​လော့​။#တ 7:3။ 2ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။ 3သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​ကို ငါ​ကောင်းချီးပေး​၍ သင့်​ကို​ကျိန်ဆဲ​သော​သူ​ကို ငါ​ကျိန်ဆဲ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ မျိုးနွယ်စု​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​”#က 18:18၊ 22:18၊ 26:4၊ တ 3:25၊ ဂလ 3:8။​ဟု မိန့်​တော်မူ​၏​။
4ထိုအခါ အာဗြံ​သည် မိမိ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထွက်ခွာ​လေ​၏​။ လောတ​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​၏​။ အာဗြံ​သည် ဟာရန်​မြို့​မှ​ထွက်လာ​သောအခါ အသက်​ခုနစ်ဆယ့်​ငါး​နှစ်​ရှိ​၏​။ 5အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။ 6အာဗြံ​သည် ထို​ပြည်​ကို​ဖြတ်သွား​၍ ရှေခင်​အရပ်​၊ မောရေ​တောင်ကုန်း​ရှိ ဝက်သစ်ချပင်​တိုင်အောင် ရောက်​လေ​၏​။ ထို​ကာလ​တွင် ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌​ရှိ​ကြ​၏​။ 7ထာဝရဘုရား​သည် အာဗြံ​အား ကိုယ်ထင်ရှားပြ​၍ “​ဤ​ပြည်​ကို သင်​၏​အမျိုးအနွယ်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ အာဗြံ​သည်​လည်း မိမိ​အား ကိုယ်ထင်ရှားပြ​တော်မူ​သော​ထာဝရဘုရား​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို တည်​လေ​၏​။ 8ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။ 9တစ်ဖန် အာဗြံ​သည် ထိုမှ​ထွက်ခွာ​လာ​၍ နေဂေ့​အရပ်​သို့ ဆက်၍​ခရီးပြု​လေ​၏​။
အီဂျစ်ပြည်သို့ အာဗြံရောက်သွားခြင်း
10ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။ 11အီဂျစ်​ပြည်​သို့ ရောက်​လု​နီး​သောအခါ သူ​သည် မိမိ​မယား​စာရဲ​အား “​ကြည့်ရှု​လော့​။ သင်​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို ငါ​သိ​၏​။ 12အီဂျစ်​ပြည်သား​တို့​သည် သင့်​ကို​တွေ့မြင်​သောအခါ ‘​ဤ​အမျိုးသမီး​သည် သူ​၏​မယား​ဖြစ်​၏​’​ဟု ဆို​လျက် ငါ့​ကို​သတ်​၍ သင့်​ကို​အသက်ချမ်းသာ​ပေး​ကြ​လိမ့်မည်​။ 13သို့ဖြစ်၍ သင်​သည် ငါ့​နှမ​ဖြစ်​သည်​ဟု ပြော​ပါ​။ ထိုသို့​ပြော​လျှင် သင့်​အတွက်ကြောင့် ငါ​သည်​ကောင်းစား​၍ ငါ့​အသက်​သည်​လည်း သင့်​ကြောင့် ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု ဆို​၏​။ 14အီဂျစ်​ပြည်​သို့ အာဗြံ​ရောက်​သောအခါ စာရဲ​သည် အလွန်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို အီဂျစ်​ပြည်သား​တို့​တွေ့မြင်​ကြ​၏​။ 15ဖာရော​မင်းကြီး​၏​မှူးမတ်​တို့​သည်​လည်း ထို​အမျိုးသမီး​ကို​တွေ့မြင်​၍ ဖာရော​မင်းကြီး​ရှေ့​၌ သူ့​အကြောင်း​ကို​ချီးကျူးပြောဆို​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​နန်းတော်​သို့ သိမ်းယူ​ခြင်း​ခံရ​လေ​၏​။ 16ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။
17သို့သော် ထာဝရဘုရား​သည် အာဗြံ​၏​မယား​စာရဲ​အတွက်ကြောင့် ဖာရော​မင်းကြီး​နှင့် သူ​၏​နန်းတော်သူ​နန်းတော်သား​တို့​အပေါ် ကြီးစွာ​သော​ဘေးဒဏ်​ကို​ကျရောက်​စေ​တော်မူ​၏​။ 18ထိုအခါ ဖာရော​မင်းကြီး​သည် အာဗြံ​ကို​ဆင့်ခေါ်​၍ “​ငါ​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ သူ​သည် သင်​၏​မယား​ဖြစ်ကြောင်း ငါ့​ကို အဘယ်ကြောင့်​မ​ပြော​သနည်း​။ 19သူ့​ကို​ငါ​၏​မယား​အဖြစ်​ယူ​မိ​စေရန် ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ငါ့​ကို အဘယ်ကြောင့် ပြော​ရ​သနည်း​။ သင်​၏​မယား​ကို ယခု​ခေါ်​၍ ထွက်သွား​လော့​”​ဟု မိန့်ဆို​၏​။ 20ထို့နောက် ဖာရော​မင်းကြီး​သည် သူ့​လူ​တို့​ကို အာဗြံ​နှင့်​ပတ်သက်၍​မှာကြား​လိုက်​သဖြင့် သူ​တို့​သည် အာဗြံ​ကို သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ ထွက်ခွာ​စေ​ကြ​၏​။

سرخی

شئیر

کاپی

None

کیا آپ جاہتے ہیں کہ آپ کی سرکیاں آپ کی devices پر محفوظ ہوں؟ Sign up or sign in